
မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ စျေးဝယ်ထွက်လာတဲ့ ရဲတပ်သားတယောက်နဲ့ သူ့ရဲ့ဇနီးဖြစ်သူတို့ကို ဇန်နဝါရီ ၆ ရက် ညနေပိုင်းမှာ လက်နက်ခဲယမ်းတွေနဲ့အတူ အရှင်ဖမ်းမိခဲ့ပါတယ်။
တောင်သာ ပကဖ တပ်ဖွဲ့ဝင်တယောက်က “သူတို့လင်မယား ၂ ယောက်က ကွမ်းယာဆိုင်ကနေ ကွမ်းဝယ်ပြီး ပြန်အလာမှာ ကျနော်တို့ရဲဘော်တွေက စောင့်ပြီး ဖမ်းဆီးလိုက်တာပါဗျ” လို့ ပြောပါတယ်။
ဖမ်းဆီးရမိတဲ့သူတွေဟာ တောင်သာမြို့နယ်၊ ရုံးစည်ကြီးရဲစခန်းက ရဲတပ်သားကျော်သောင်းနဲ့ ဇနီးဖြစ်ပြီး သူတို့ကို လက်နက်ခဲယမ်းနဲ့အတူ အရှင်ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံ ကိုကြည်စတားက “သူတို့ရဲလင်မယားဆီကနေ G3 သေနတ် ၁ လက်နဲ့ ကျည် ၁၅ တောင့် သိမ်းမိတယ်။ အခုလောလောဆယ်တော့ ကျနော်တို့ရဲဘော်တွေကပဲ ထိန်းသိမ်းထားပါတယ်။ စစ်ဆေးမှုတွေ ဆောင်ရွက်ပြီးရင်တော့ အရေးယူမှုတွေ ဆက်လက်ဆောင်ရွက်သွားမှာပါဗျ” လို့ ပြောပါတယ်။
ကျန်ရှိနေသေးတဲ့ စစ်ကောင်စီလက်အောက်ခံတွေ အနေနဲ့လည်း အချိန်မလွန်ခင် တော်လှန်ရေးတပ်ဖွဲ့တွေဆီမှာ အလင်းဝင်ရောက်ကြဖို့ တော်လှန်ရေးတပ်ဖွဲ့က တိုက်တွန်းထားပါတယ်။
အဆိုပါ ရဲတပ်သားလင်မယား ဖမ်းဆီးခံရပြီး ညဦးပိုင်းမှာတော့ ရုံးစည်ကြီးရဲစခန်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၃၀ နီးပါး ထပ်မံရောက်ရှိလာကြပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် တချို့ဟာလည်း ဆိုင်ကယ်တွေနဲ့ လှည့်ပတ်နေသလို သေနတ်တွေ ပစ်ဖောက်ခဲ့ပါတယ်။
အောက်တိုဘာ ၃၁ ရက်ကလည်း တောင်သာမြို့နယ်၊ ရုံးစည်ကြီးရဲစခန်းမှာ တာဝန်ကျနေတဲ့ နယ်ထိန်းဖြစ်သူ ရဲတပ်သား မောင်ချမ်း (ခ) အရှည်ကြီး ကိုလည်း တော်လှန်ရေးအဖွဲ့တွေက ဖမ်းဆီးတာကို လက်မခံဘဲ ခုခံထွက်ပြေးတဲ့အတွက် ပစ်ခတ်ရှင်းလင်းခဲ့ ပါတယ်။