စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်း အုန္နဲဘုတ်ရွာမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ ဇန်နဝါရီ ၅ ရက်နေ့ မနက်ပိုင်းကစတင်ပြီး တိုက်ပွဲဖြစ်ပွားနေတယ်လို့ သိရပါတယ်။
ဇန်နဝါရ ၄ ရက်နေ့ မနက်ပိုင်းမှာ စစ်ကိုင်းမြို့ တပ်မ ၃၃ ကနေ စစ်ကြောင်းထိုးလာတာ ဖြစ်တယ်လို့လည်း သိရပါတယ်။
ဒေသခံတယောက်က “ရွာကလူတွေကတော့ မနေ့ကတည်းက ရွာထဲကနေထွက်ပြီး စစ်ကြောင်းရှောင်နေကြရတယ်လေ။ မနေ့က ညနေပိုင်းကတော့ ရွာထဲက လူနေအိမ်တွေကို မီးရှို့ကြသေးတယ်။ ရွာကို မီးရှို့တာကတော့ အဝေးကနေပဲ လှမ်းကြည့်နေရတယ်။ အိမ်ဘယ်နှလုံး မီးလောင်သလဲ ဆိုတာကတော့ အတိအကျ မပြောနိုင်သေးဘူးဗျ။ ဒီနေ့ မနက်ခင်းပိုင်းမှာတော့ စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားနေပါတယ်” လို့ ပြောပါတယ်။
တိုက်ပွဲဖြစ်နေတုန်းမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ၂ ကြိမ် လာရောက် တိုက်ခိုက်သွားတယ်လို့လည်း သိရပါတယ်။
ဝက်လက်ဒေသခံပြည်သူ့ကာကွယ်ရေး ရဲဘော်တယောက်က “တိုက်ပွဲက မပြီးသေးဘူး ဆရာရေ။ စစ်တပ်ဘက်က အကျအဆုံးများပြီးတော့ နေ့ခင်း ၁၁ နာရီ ၁၅ မိနစ်က တကြိမ်၊ ၁၁ နာရီခွဲက တကြိမ် စုစုပေါင်း ၂ ကြိမ် လေကြောင်းကနေ တိုက်ခိုက်သွားတယ်။ မြေပြင်စစ်တပ်ကတော့ အကျအဆုံး များနေတယ်ဗျ။ ကိုယ့်ဘက်ကတော့ အခုအချိန်အထိ အထိအခိုက် အကျအဆုံး မရှိသေးဘူး” လို့ ပြောပါတယ်။
ဝက်လက်မြို့နယ်သတင်းတွေကို ဖော်ပြနေတဲ့ Wetlet Informational Network ကတော့ ဒီနေ့ မွန်းလွဲ ၁၂ နာရီခွဲလောက်မှာလည်း တံတားဦးလေဆိပ်က တက်လာတဲ့ ဂျက်ဖိုက်တာက ဝက်လက်မြို့နယ်အရှေ့ခြမ်းကို လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် လုပ်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားနေတာကြောင့် အုန္နဲဘုတ်ရွာက ပြည်သူတွေနဲ့ အနီးဝန်းကျင်ကျေးရွာတွေက ပြည်သူတွေ ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့လည်း သိရပါတယ်။