Home
မြန်မာသတင်း
မြစ်ခြေမြို့တွင် စစ်ကောင်စီစစ်ကြောင်း မီးရှို့သဖြင့် အိမ် ၁၅၀ ခန့်ပျက်စီး
DVB
·
January 5, 2025
Photo: ပခုက္ကူလူထုတိုက်ပွဲကော်မတီဝင်တဦး

မကွေးတိုင်း၊ မြစ်ခြေမြို့မှာ စစ်ကောင်စီတပ်စစ်ကြောင်း ဝင်ရောက်မီးရှို့သွားလို့ ကျေးရွာတွေက လူနေအိမ်ခြေ ၁၅၀ နီးပါး မီးလောင်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

ပခုက္ကူလူထုတိုက်ပွဲကော်မတီ တာဝန်ခံ ကိုစိုးထွဋ် က “မြစ်ခြေနယ်ထဲက စဘေရွာကရွာကြီးပါ။ အိမ်ခြေလည်းများတယ်။ အိမ်ခြေများပြီး ရွာကြီးလို့လည်း စဘေအရှေ့စု၊ စဘေအနောက်စုနဲ့ စဘေအလယ်စုရွာတွေ ဆိုပြီး ခွဲထားတာ။ အဲဒီရွာတွေကို စစ်ကြောင်းဝင်ပြီး မီးရှို့ဖျက်ဆီး သွားကြတာပါ။ အရင်ရက်ကလည်း ချိုင်ရွာနဲ့ ရွာသစ်ရွာတွေကို မီးရှိုခဲ့ကြသေးတယ်။ အဲဒီ ၂ ရွာကတော့ မီးရှို့ခံရတဲ့အိမ်ခြေ နည်းတယ်။ ရွာတွေအားလုံး မီးလောင်ပျက်စီးတဲ့ အိမ်ခြေက ၁၄၀ ကျော် ၁၅၀ နီးပါးရှိတယ်” လို့ ပြောပါတယ်။

မီးဘေးသင့်ပြည်သူတွေဟာ ဆွေမျိုးသားချင်းတွေရဲ့ နေအိမ်တွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ နေထိုင်နေကြရပြီး ပြန်လည်ထူထောင်ရေးတွေအတွက် အကူအညီတွေ လိုအပ်နေတယ်လို့လည်း သူက ဆက်ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ အဲဒီကျေးရွာတွေကို ပြီးခဲ့တဲ့ ၂၀၂၄  ဒီဇင်ဘာ ၃၁ ရက်နေ့နဲ့  ၂၀၂၅ ဇန်နဝါရီ ၁ ရက်နေ့အထိ ၂ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ကြတာဖြစ်တယ်လို့လည်း သိရပါတယ်။

ABSDF Column 3 ရဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ပြည့်ဖြိုးကျော် က “စစ်ကြောင်းမှာတော့ တပ်မ ၁၀၁ စစ်သားတွေနဲ့ ပျူအင်အား ၁၇၀ ဝန်းကျင်လောက်ပါမယ်ဗျ။ သူတို့စစ်ကြောင်းက ပခုက္ကူကနေထွက်လာပြီးတော့ အောင်သာပျူရွာရောက်တယ်။ အောင်သာရွာကနေမှ ညောင်ဂျစ်ပင် ပျူရွာကိုဝင်တယ်။ ညောင်ဂျစ်ပင်ပျူရွာကနေ ကမ္မမြို့ပေါ်ကိုရောက်လာကြပြီး အဲဒီကနေ မြစ်ခြေဘက်ကို လှည့်ပတ်မွှေခဲ့တာဖြစ်တယ်” လို့ DVB ကို ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ စဘေကျေးရွာတွေကို မီးရှို့မဖျက်ဆီးခင် အရင်ရက်တွေက ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ၃ ကြိမ်ထက်မနည်း ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တဲ့အတွက် စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရသူတွေများပြားခဲ့ပြီးနောက် စဘေကျေးရွာတွေထဲကို ဝင်ရောက်ခိုအောင်းကာ လူနေအိမ်တွေကိုမီးရှို့ဖျက်ဆီးပြီး ဇန်နဝါရီ ၂ ရက်နေ့မှာတော့ အောင်သာပျူစောထီးကျေးရွာအတွင်း ပြန်လည်ဝင်ရောက်တပ်စွဲနေပြန်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၉ ရက်နေ့ ညနေပိုင်းမှာလည်း အဲဒီစစ်ကြောင်းကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် မြစ်ခြေမြို့ပေါ်က အမှတ် ၁ မြို့မရပ်ကွက်ထဲကို ကျရောက်ပေါက်ကွဲခဲ့လို့ အသက် ၁ နှစ်ခွဲအရွယ် ကလေးငယ် ၁ ယောက်၊ အသက် ၉ နှစ်အရွယ် ကလေး ၁ ယောက်၊ အသက် ၁၃ နှစ်အရွယ် ကလေးငယ် ၁ ယောက်၊ အသက် ၆၅ အရွယ် အမျိုးသား ၁ ယောက် နဲ့ အသက် ၆၅ နှစ်အရွယ် အမျိုးသမီး ၁ ယောက်တို့ သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူတွေရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီစစ်ကြောင်းဝင်လာတဲ့အတွက် ကမ္မ-မြစ်ခြေ လမ်းတလျှောက်ကကျေးရွာတွေဖြစ်တဲ့ ကံပေါက်စု၊ ဗျင်းရွာ၊ ရေကြည်၊ မြေနီတွင်း၊ မုန့်ကုန်၊ ပန်းချီစု၊ သန်ဇင့်၊ ရွာသာအေး၊ ဆွဲကြီး၊ အိုးဘို၊ တိုးချဲ့ ၁၂၃၊ ကြက်လျှာ၊ ဆွဲကြီး‌၊ သရက်တော၊ ရေချို၊ အိုင်ရှည်ကျေးရွာတို့က ဒေသခံပြည်သူတွေ အပါအဝင် အောင်သာရွာပျူစောထီးစခန်းအနီးက ရွာတွေဖြစ်ကြတဲ့ ရှားတော၊ အင်းဝိုင်း၊ ထန်းတောချောက်၊ ထန်းတောချောက် စတဲ့ ကျေးရွာတွေက ဒေသခံပြည်သူသောင်းချီပြီး ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်း သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013