မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ မပေါက်ကွဲသေးတဲ့ ပြင်းအားမြင့်ဗုံးသီးနဲ့အတူ ရုရှားနိုင်ငံလုပ် အသေခံ ဒရုန်းအပျက်တစီး အပါအဝင် ဒရုန်းအစိတ်အပိုင်းတွေ တွေ့ရှိခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ သရက်ခရိုင်တပ်ရင်း ၄ က ဇန်နဝါရီ ၁ ရက်မှာ ထုတ်ပြန်ပါတယ်။
သရက်ခရိုင်တပ်ရင်း ၄ က ရဲဘော်တယောက်က “ကျနော်တို့ စစ်ရေးလှုပ်ရှားတဲ့နယ်မြေဖြစ်တဲ့ မင်းတုန်းနယ်ထဲမှာ နယ်မြေရှင်းလင်းရေးတွေ ဆောင်ရွက်တဲ့အချိန်မှာ အဲဒီ အသေခံဒရုန်းအပျက် ၁ စီးနဲ့ ဒရုန်းအစိတ်အပိုင်းတွေရယ်၊ မပေါက်ကွဲသေးတဲ့ ပြင်းအားမြင့်ဗုံးသီးတွေကို တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
အဆိုပါ အသေခံဒရုန်းဟာ ကာမီကာဇေအမျိုးအစား အသေခံဒရုန်းဖြစ်ပြီး ရုရှားနိုင်ငံထုတ်ဖြစ်ကာ စစ်ကောင်စီတပ်ဘက်က အသုံးပြုခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
သရက်ခရိုင်တပ်ရင်း ၄ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က “ကျန်ခဲ့တဲ့ နိုဝင်ဘာလနဲ့ ဒီဇင်ဘာလတွေမှာ တိုက်ပွဲဖြစ်ခဲ့တဲ့နေရာတွေကို ၃၁ ရက်နေ့က နယ်မြေရှင်းလင်းရေးတွေ ဆောင်ရွက်ခဲ့ကြရင်း အဲဒါတွေကို ရှာဖွေတွေ့ရှိခဲ့တာပါ။ တွေ့ရှိခဲ့ရတဲ့ အဲဒီပစ္စည်းတွေကို ကျွမ်းကျင်ပညာရှင်တွေနဲ့ စစ်ဆေးတဲ့အခါမှာ ရုရှားထုတ်ဖြစ်ပြီး စစ်တပ်ဘက်သုံးတာလို့ အတည်ပြုနိုင်ခဲ့တယ်။ အဲဒီဒရုန်းကို သရက် ကပစ ၁၂ ထဲက လွှတ်တယ်လို့တော့ ယူဆရတာပေါ့။ ဘာကြောင့်ပျက်ကျခဲ့တယ် ဆိုတာရယ် ကျေးရွာတွေကို ဗုံးကြဲတာလား၊ တိုက်ပွဲထဲမှာ သုံးခဲ့တာလား ဆိုတာတွေကတော့ မသိရသေးဘူးပေါ့” လို့ ပြောပါတယ်။
အဆိုပါ မပေါက်ကွဲသေးတဲ့ဗုံးကို ခြံခတ်ထားရှိပြီး ထုတ်လုပ်တဲ့နိုင်ငံကို အတည်ပြုနိုင်ခြင်း မရှိသေးတဲ့အပြင် ဗုံးသီးပေါက်ကွဲမှု မရှိစေဖို့ မပြုလုပ်နိုင်သေးဘူးလို့ သူကဆက်ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ မကွေးတိုင်းအတွင်းက စစ်ရေးနယ်မြေတွေထဲမှာ ပြင်းအားမြင့်ဗုံးတပ် ကာမီကာဇေ အသေခံဒရုန်းတွေကို အသုံးပြုလာတဲ့အတွက် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပြည်သူတွေ အနေနဲ့ သတိထားနေထိုင်ကြဖို့ တိုက်တွန်းထားတယ်လို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့လတွေအတွင်း သရက်ခရိုင်ထဲမှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဘက်က လေယာဉ်တွေနဲ့ ဗုံးကြဲ တိုက်ခိုက်တာတွေအပြင် ဒရုန်းတွေကိုလည်း အသုံးပြုခဲ့သလို တိုက်ပွဲအတွင်း ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဆီကနေလည်း ဒရုန်းတွေ သိမ်းဆည်းရရှိခဲ့သေးတယ်လို့ သရက်ခရိုင်တပ်ရင်း ၄ ဆီကနေ သိရပါတယ်။