မွန်ပြည်နယ်၊ မော်လမြိုင်မြို့နဲ့ စစ်ကိုင်းတိုင်း၊ မုံရွာမြို့တို့မှာ မီးလောင်ခဲ့ပြီး အဘွားအို ၁ ယောက် သေ၊ ၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
မော်လမြိုင်မြို့နယ်၊ ရွှေမြိုင်သီရိနယ်မြေ၊ ပဲခူးချောင်ရပ်ကွက်၊ ပဲခူးချောင်လမ်းမှာ ဇန်နဝါရီ ၄ ရက် ဒီမနက်အစောပိုင်း ၁ နာရီ ၁၅ မိနစ်လောက်က နေအိမ်တလုံးကနေ စတင်မီးလောင်ခဲ့တာပါ။
ကယ်ဆယ်ရေးအသင်းဝင်တယောက်က “ကလေးတဦးနဲ့ အဘွားတဦး ပျောက်သွားတာ။ ကလေးက ပြန်တွေ့တယ်။ လေထိထားတဲ့အဘွားကတော့ မီးလောင်တဲ့အထဲပါသွားတယ်။ မိနစ် ၄၀ ကျော်လောက် ငြှိမ်းခဲ့ရတယ်” လို့ ပြောပါတယ်။
မီးလောင်မှုကြောင့် ပျဉ်ခင်းပျဉ်ကာ ၂ ထပ်အိမ် ၁ လုံး၊ ၁ ထပ်အိမ် ၁ လုံးနဲ့ တိုက်ခံအိမ် ၁ လုံး မီးကူးစက်လောင်ကျွမ်းခဲ့ပြီး အသက် ၆၀ အရွယ် မသန်စွမ်းအဘွားအို ၁ ယောက် မီးလောင်သေဆုံးခဲ့ပါတယ်။
မီးလောင်တဲ့နေရာကို မော်လမြိုင်က မီးသတ်နဲ့ အရပ်ဘက်အသင်းတွေက မီးသတ်ယာဉ် ၈ စီး၊ ရေသယ်ယာဉ် ၁၂ စီးတို့နဲ့ ငြှိမ်းသတ်ခဲ့လို့ မနက် ၁ နာရီ မိနစ် ၅၀ မှာ မီးငြိမ်းသွားပါတယ်။
မုံရွာမြို့နယ်၊ ဒေါနခြံရပ်ကွက်၊ နယ်မြေ ၅၊ သရဖီလမ်းမှာတော့ ဇန်နဝါရီ ၃ ရက် ည ၁၀ နာရီ ၂၅ မိနစ်လောက်က နေအိမ် ၃ လုံး မီးလောင်ခဲ့ပြီး အသက် ၄၀ ကျော်အရွယ် အမျိုးသား ၂ ယောက် မစိုးရိမ်ရတဲ့ ဒဏ်ရာတွေရရှိခဲ့ပါတယ်။
လူမှုကူညီရေးအသင်းဝင်တယောက်က “အားလုံးပျဉ်ထောင်အိမ်တွေပဲ။ အမျိုးသား ၂ ဦးတော့ မီးဟပ်ဒဏ်ရာရသွားတယ်။ နယ်မြေ ၅ ထဲမှာပါ” လို့ ပြောပါတယ်။
မီးလောင်တဲ့နေရာကို မီးသတ်ယာဉ် ၁ စီး၊ ရေသယ်ယာဉ် ၃ စီးနဲ့ မီးသတ်၊ အရပ်ဘက်အသင်းတွေက ပူးပေါင်းငြှိမ်းသတ်ခဲ့ကြလို့ ၁၀ နာရီ မိနစ် ၅၀ မှာ မီးထိန်း၊ ၁၁ နာရီမှာ မီးငြိမ်းသွားပါတယ်။