ရခိုင်ပြည်နယ်၊ မောင်တောတိုက်ပွဲနဲ့ အမ်းတိုက်ပွဲမှာ သေဆုံးခဲ့တဲ့ စစ်ကောင်စီရဲ့ အရာရှိ ၂ ယောက်ကို ၇၇ နှစ်မြောက် လွတ်လပ်ရေးနေ့မှာ စစ်ကောင်စီက ရာထူးတိုးပြီး သူရဲကောင်းမှတ်တမ်းဝင်တံဆိပ် ပေးလိုက်တယ်လို့ စစ်ကောင်စီအာဘော်သတင်းစာတွေမှာ ဖော်ပြပါတယ်။
မောင်တောမြို့နယ် နခခ ၅ က ထွက်ပြေးရင်း မိုင်းထိသေဆုံးခဲ့တဲ့ တပ်မ ၂၂ တပ်မမှူး ဗိုလ်မှူးကြီး/ဗိုလ်မှူးချုပ် အောင်နေမျိုးနဲ့ အမ်း နပခ တိုက်ပွဲမှာ အာရက္ခတပ်တော်ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်လို့ သေဆုံးခဲ့တဲ့ အမှတ် ၂ ခုတင် ၃၀၀ ဆေးရုံက ဆေးတပ်မှူး ဗိုလ်မှူးကြီး ထွန်းထွန်းဝင်း တို့ဖြစ်ကြပါတယ်။
မောင်တောတိုက်ပွဲမှာထွက်ပြေးရင်း မိုင်းထိသေဆုံးခဲ့တဲ့ တပ်မ ၂၂ တပ်မမှူး ဗိုလ်မှူးကြီး အောင်နေမျိုးကို စစ်ကောင်စီက ဗိုလ်ချုပ်ရာထူး တိုးပေးခဲ့သလို အမ်းတိုက်ပွဲမှာ သေဆုံးခဲ့တဲ့ ဆေးတပ်မှူး ဗိုလ်မှူးကြီး ထွန်းထွန်းဝင်းကိုလည်း ဗိုလ်မှူးချုပ်ရာထူး တိုးပေးခဲ့တာကာ စွမ်းရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ် သူရဲကောင်းမှတ်တမ်းဝင်တံဆိပ် ပေးလိုက်တာဖြစ်ပါတယ်။
စစ်ကောင်စီက ရခိုင်မှာစစ်ရှုံးနေတာကို ကုစားဖို့နဲ့ စိတ်ဓာတ်မြှင့်တင်ဖို့အတွက် သေဆုံးသွားတဲ့ အရာရှိ ၂ ယောက်ကို ရာထူးတိုး ဘွဲ့ပေးလိုက်တာလို့ ရခိုင်ကစစ်ရေးအကဲခတ်တယောက်က ပြောပါတယ်။
“စစ်ကောင်စီက လွတ်လပ်ရေးနေ့မှာ ဘွဲ့တံဆိပ်တွေ အများကြီးချီးမြှင့်တာကိုတွေ့ရတယ်။ အဲဒီအထဲမှာ စိတ်ဝင်စားစရာက ရခိုင်တိုက်ပွဲမှာသေဆုံးခဲ့တဲ့ အရာရှိ ၂ ဦးကို ရာထူးတိုးပြီးတော့ သူရဲကောင်းဘွဲ့ဆိုပြီး ချီးမြှင့်တာ။ အဓိကတော့ ရခိုင်မှာရှုံးနိမ့်နေမှုနဲ့ ကျန်နေသေးတဲ့ သူ့ရဲ့ တပ်ဖွဲ့ဝင်တွေကို စိတ်ဓာတ်မြှင့်တင်ရေး ကုစားတဲ့သဘောနဲ့ လုပ်တာလို့ မြင်တယ်” လို့ပြောပါတယ်။
ဗိုလ်ချုပ်ရာထူး တိုးခံရတဲ့ ဗိုလ်မှူးကြီး အောင်နေမျိုးဟာ နခခ ၅ ကထွက်ပြေးပြီး မွတ်ဆလင်လက်နက်ကိုင်တွေရဲ့အကူအညီနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကိုထွက်ပြေးဖို့ ကြိုးစားနေတုန်း မိုင်းနင်းမိပြီး ဒီဇင်ဘာ ၁၇ ရက်နေ့မှာ မောင်တောမြို့နယ်၊ ရွှေဇားကပ္ပကောင်းချောင်းနား ပုစွန်ကန်နားမှာ အသေဖမ်းဆီးရမိခဲ့တာလို့ AA က ထုတ်ပြန်ခဲ့ပါတယ်။
ဗိုလ်မှူးချုပ်ရာထူးတိုးခံရတဲ့ ဗိုလ်မှူးကြီး ထွန်းထွန်းဝင်းဟာလည်း အမ်းတိုက်ပွဲအတွင်း ဒီဇင်ဘာ ၁၅ ရက်နေ့မှာ AA ရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ ဒီဇင်ဘာလအတွင်း စစ်ကောင်စီရဲ့ နပခ ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်း၊ တိုင်းဦးစီး ဗိုလ်မှူးချုပ် ကျော်ကျော်သန်းနဲ့ စကခ ၁၅ မှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းတို့ကိုလည်း AA က အရှင်ဖမ်းဆီးနိုင်ခဲ့ပါတယ်။
စစ်ကောင်စီဟာ ရခိုင်ပြည်နယ်မှာ မြို့နယ် ၁၄ ခုနဲ့ ပလက်ဝမြို့ကို AA လက်လွှတ်ထားရပြီး စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့နယ်တို့ပဲ ထိန်းချုပ်ထားနိုင်တော့တာဖြစ်တယ်။