ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တိုက်ပွဲမှာ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၁၀၀ ကျော်ကို ငါးသိုင်းချောင်းဆေးရုံမှာခေါ်ယူကုသနေတယ်လို့ စစ်ကောင်စီတပ်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။
ရခိုင်ပြည်နယ်တွင်း အာရက္ခတပ်တော် AA နဲ့ စစ်ကောင်စီတပ်တို့ရဲ့ တိုက်ပွဲတွေမှာ ထိခိုက်ဒဏ်ရာရခဲ့တဲ့ စစ်ကောင်စီတပ်က ဗိုလ်ကြီးနဲ့ ဗိုလ်မှူးတွေ အပါအဝင် တပ်ဖွဲ့ဝင် အယောက် ၁၀၀ ကျော်ကို ဒီဇင်ဘာ ၈ ရက်ကစလို့ အသုတ်လိုက်ခွဲပြီး ငါးသိုင်းချောင်းမြို့ဆေးရုံကို ပို့ဆောင်နေတာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က “ဂွမြို့နယ်နဲ့ အနီးစပ်ဆုံးက ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်း ဘက်ကိုပြန်ပို့ပြီး ဆေးကုသမှုခံယူနေရတာ။ ပထမ အသုတ်အနေနဲ့ ပြင်းထန်ဒဏ်ရာရရှိသူတွေကို ဦးစားပေးပို့နေတာ။ အားလုံးဆို အယောက် ၁၀၀ ကျော်တယ် လို့သိရတယ်။ အရာရှိတွေလည်း ဒဏ်ရာရတဲ့အထဲပါတယ်” လို့ ပြောပါတယ်။
ထိခိုက်ဒဏ်ရာရရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအများစုဟာ မအူပင်အခြေစိုက် ခလရ ၂၇၊ ဟင်္သာတမြို့အခြေစိုက် ခလရ ၁၈၊ အိမ်မဲမြို့အခြေစိုက် ခလရ ၆၃၊ မြန်အောင်အခြေစိုက် ခလရ ၅၁ နဲ့ ရန်ကုန်လှိုင်သာယာအခြေစိုက် ခမရ ၅၃၂ က တပ်ဖွဲ့ဝင်တွေပါတယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်းနဲ့ထိစပ်နေတဲ့ ဂွမြို့နယ်အတွင်း အာရက္ခတပ်တော် AA နဲ့ စစ်ကောင်စီတို့ ဖြစ်ပွားနေတဲ့တိုက်ပွဲဟာ ဒီဇင်ဘာ ၁၄ ရက်မှာ မြို့နဲ့ မိုင်နည်းနည်းပဲအကွာကို ရောက်လာပြီဖြစ်လို့ ဧရာဝတီတိုင်းဘက် စစ်ပွဲမကူးစက်စေဖို့ဆိုပြီး စစ်ကောင်စီရဲ့ တိုင်း ဝန်ကြီးချုပ်နဲ့ တိုင်းမှူးရဲ့ ညွှန်ကြားချက်နဲ့ ကြိုတင်ပြင်ဆင် စစ်ဆေးတာတွေပါ လုပ်နေတယ်လို့ သိရပါတယ်။
ရေကြည်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “ဂွမြို့နယ် ထိစပ်နေတဲ့ ရေကြည်၊ အသုတ်၊ ငါးသိုင်းချောင်း၊ ကြံခင်း၊ မြန်အောင်ဘက်၊ အင်္ဂပူမှာ လုံခြုံရေး ဂိတ်တွေထပ်တိုး ချထားတာတွေ့ရတယ်။ အင်အားတိုးချဲ့ချထားပြီး သံချပ်ကာကားနဲ့ တင့်ကားတွေကို လမ်းဆုံလမ်းခွတွေမှာ အစောင့်ချထားတယ်။ စစ်မှုထမ်းတပ်သားသစ်တွေပါတဲ့ စစ်သားတွေနဲ့ စစ်အင်အားလည်း လှည့်ပြတာတွေလုပ်နေတယ်။ ဒီဘက် စစ်ပွဲကူးစက်လာမှာကို စိုးရိမ်တဲ့ သဘောရှိတယ်” လို့ ပြောပါတယ်။
ရခိုင်ဘက်မှာ တိုက်ပွဲတွေပြင်းထန်နေတာကြောင့် ဧရာဝတီတိုင်းထဲက မော်လမြိုင်ကျွန်း၊ ဓနုဖြူ၊ မအူပင်၊ ကျုံပျော် စတဲ့မြို့နယ်တွေက စစ်ကောင်စီတပ်သားအဟောင်းတွေနဲ့ စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ်တွေကို စုပေါင်းပြီး စစ်ဆင်ရေးပို့ဖို့ ပြင်ဆင်နေတယ်လို့လည်း စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။