မြန်မာနိုင်ငံအတွင်း မပြီးပြတ်နိုင်သေးတဲ့ လက်နက်ကိုင်ပဋိပက္ခတွေ အပါအဝင် ရာသီဥတုဒဏ်တွေကြောင်း ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံဝန်းမှာ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်တွေဟာ မကြံဖူးသည့်အထိ မြင့်တက်လာနိုင်ပြီး လူဦးရေ ၁၉ ဒသမ ၉ သန်းဟာ လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်လိမ့်မယ်လို့ ဇန်နဝါရီ ၃ ရက်ထုတ် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး(OCHA)ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
၂၀၂၄ ခုနှစ်ဟာ မြန်မာပြည်သူတွေအတွက် မဆုံးနိုင်သောပဋိပက္ခတွေ၊ ထပ်တလဲလဲ ဖြစ်ပွားခဲ့သလို၊ ရေဘေးအန္တရာယ်တွေ၊ စံချိန်တင်များပြားတဲ့နေရပ်စွန့်ခွာရွှေ့ပြောင်းရမှုတွေနဲ့ တုံ့ပြန်ကူညီရေး အစီအစဉ်တွေဖြစ်တဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းတွေနဲ့အတူ မြန်မာပြည်သူတွေ ရုန်းကန်ခဲ့ရတဲ့ နှစ်တနှစ်ဖြစ်ခဲ့တယ်လို့ ဆိုထားပါတယ်။
ရခိုင်ပြည်နယ်၊ မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း၊ အနောက်မြောက်ပိုင်းနဲ့ အရှေ့တောင်ပိုင်းတို့မှာ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးအင်းအားစုတွေအကြား တိုက်ပွဲတွေဖြစ်ပွားခဲ့ကြပြီး ၂၀၂၄ ခုနှစ်အတွင်း နေရပ်စွန့်ခွာသူဦးရေ ၃ သန်းခွဲ ကျော်လွန်ခဲ့တယ်လို့လည်း ကုလသမဂ္ဂက ပြောထားပါတယ်။
ဒါ့အပြင် နိုင်ငံတဝန်း ပြည်သူတွေဟာ ၂၀၂၄ ခုနှစ်အတွင်းမှာ မလုံခြုံတဲ့ အန္တရာယ်တွေကြုံတွေ့ရမှု၊ စားနပ်ရိက္ခာ မလုံလောက်မှုတွေ၊ မရှိမဖြစ်ပြည်သူ့ဝန်ဆောင်မှုစနစ်တွေ ပြိုလဲလုနီးပါးဖြစ်နေတဲ့ အခြေအနေတွေ၊ စီးပွားရေးမတည်ငြိမ်မှုတွေကြောင့် ငွေကြေးဖောင်းပွမှုနဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ ပျက်စီးဆုံးရှုံးရမှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့လည်း အစီရင်ခံစာကဆိုထားပါတယ်။
နိုင်ငံတဝန်း သွားလာခွင့် ကန့်သတ်မှုတွေ၊ ထောက်ပံ့ပို့ဆောင်မှုတွေ၊ ရန်ပုံငွေရရှိမှုနဲ့ လုံခြုံရေး အခြေအနေတွေကြောင့် လူသားချင်းကူညီရေးအဖွဲ့အစည်းတွေဟာ လူထုဆီသို့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွ ပေးအပ်ရာမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့လည်း ဆိုပါတယ်။
ကုလသမဂ္ဂရဲ့ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်နဲ့ တုံ့ပြန်ရေးရေးအစီအစဥ်တွေဟာ ရန်ပုံငွေ ၃၆ ရာခိုင်နှုန်းသာ ရရှိသေးပြီး အရေးတကြီးအကူအညီပေးရန် သတ်မှတ်ထားတဲ့ လူထုဆီကို အကူအညီပေးမှု ထိခိုက်ခဲ့တွေရှိခဲ့သလို ၂၀၂၅ ခုနှစ်မှာလည်း လူဦးရေ ၅ သန်းခွဲကို အကူညီပေးနိုင်ရေး ရည်မှန်ထားတယ်လို့ UNOCHA ရဲ့အစီရင်ခံစာမှာ ရေးသားဖော်ပြထားပါတယ်။