Home
မြန်မာသတင်း
မြန်မာတွင် နေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်ရသူဦးရေ ၄ သန်းခွဲထိတိုးလာဟု ကုလပြော 
DVB
·
December 17, 2024
Photo-Reuters

ပြည်တွင်းပဋိပက္ခနဲ့ တိုက်ပွဲတွေ ပိုပြီးတော့ ကျယ်ပြန့်လာတာနဲ့အမျှ လာမယ့် ၂၀၂၅ ခုနှစ်မှာ မြန်မာပြည်တွင်း နေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်ရသူဦးရေ ၄ သန်းခွဲထိ တိုးလာနိုင်တယ်လို့  ကုလသမဂ္ဂက ခန့်မှန်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလကတည်းက စတင်ပြီးတော့ တိုက်ပွဲတွေ ပြင်းထန် လာတာကြောင့် အရပ်သားတွေအပေါ် အကြမ်းဖက်မှုတွေ တိုးမြင့်လာသလို စစ်ဘေး ဒုက္ခသည်တွေ တိုးလာတာက စစ်အုပ်စုက ကျင်းပဖို့ စီစဉ်နေတဲ့ အထွေထွေရွေးကောက်ပွဲ အတွက်လည်း မသေချာမရေရာမှုတွေ မြင့်တက်လာစေတယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာရုံး (UNOCHA) ရဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာ  ၁၃ ရက်က ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံက ရွှေ့ပြောင်းဒုက္ခသည်ဦးရေဟာ အကြမ်းဖျင်း ၃ သန်းခွဲရှိနေပြီး OCHA ရဲ့ ၂၀၂၄ ခုနှစ် ကနဦးခန့်မှန်းချက် ၃ သန်းထက် အဆပေါင်းများစွာ ကျော်လွန်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံအနှံ့ ပဋိပက္ခနဲ့ လက်နက်ကိုင်တိုက်ပွဲတွေကြောင့် ဒေသခံတွေအများအပြားဟာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရသလို သိပ်မကြာခင်တုန်းက ဖြစ်ပွားခဲ့တဲ့ အင်အားပြင်း တိုင်ဖွန်းမုန်တိုင်း ယာဂီနောက်ဆက်တွဲ ရေကြီးရေလျှံမှုတွေကြောင့် အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းရတာတွေကလည်း အခန်းကဏ္ဍတခုကနေ ပါဝင်ခဲ့တယ်လို့ ယူဆရကြောင်းလည်း အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ကုလသမဂ္ဂ ဆန်းစစ်ချက်တခုအရ အိုးအိမ်မဲ့ ရွှေ့ပြောင်းနေကြရသူ ၄၆ ရာခိုင်နှုန်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးကတည်းက ၂ ကြိမ်ကနေ ၅ ကြိမ်အထိ အိုးမဲ့ အိမ်မဲ့ဖြစ်ခဲ့ရပြီး ၂၄ ရာခိုင်နှုန်းကတော့ ငါးကြိမ်ထက်မက အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်း ရန်ပုံငွေရရှိခဲ့မှု အလွန်နည်းပါးခဲ့တာကြောင့် အကူ အညီပေးဖို့ လျာထားခဲ့တဲ့ လူဦးရေ ၅ ဒသမ ၃ သန်းထဲက လူဦးရေ ၁ ဒသမ ၄ သန်းဟာ ဘာအကူအညီမှ မရရှိခဲ့ဘဲ ရရှိခဲ့တဲ့သူတွေဟာလည်း အပြည့်အစုံရရှိခဲ့ခြင်းမရှိဘူးလို့ UNOCHA Myanmar က ပြောထားသလို လာမယ့် ၂၀၂၅ ခုနှစ်မှာ ထပ်မံပြီးတော့ ရန်ပုံငွေလောက်လုံစွာ မရှိခဲ့ပြန်ဘူးဆိုရင် ဘ၀ပေါင်းများစွာ အကူအညီမဲ့ကြရဦးမယ်လို့ ဆိုပါတယ်။

ပြည်တွင်း အိုးမဲ့အိမ်မဲ့ဖြစ်သူတွေ အပါအဝင် OCHA က မြန်မာနိုင်ငံ လူဦးရေ ၁၉ ဒသမ ၉ သန်းဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်မှာဖြစ်ကာ နိုင်ငံရဲ့ ခန့်မှန်းလူဦးရေ ၅၇ သန်းရဲ့ သုံးပုံတပုံလောက် လိုအပ်လာမယ်လို့လည်း ခန့်မှန်းထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013