လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း အဆိုးဝါးဆုံး ထိပ်တန်း ၃ နိုင်ငံထဲ မြန်မာနိုင်ငံ ပါဝင်နေတယ်လို့ အမေရိကန်အခြေစိုက် အပြည်ပြည်ဆိုင်ရာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးအဖွဲ့ (IRC) က ဒီဇင်ဘာ ၁၁ ရက်မှာ ထုတ်ပြန်ပါတယ်။
IRC Emergency Watchlist 2025: “A World out of Balance” အမည်နဲ့ ထုတ်ပြန်လိုက်တဲ့ ဒီအစီရင်ခံစာထဲမှာတော့ ဆူဒန်နိုင်ငံ၊ အသိမ်းပိုက်ခံ ပါလက်စတိုင်းဒေသနဲ့ မြန်မာနိုင်ငံတွေက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းအဆင့်မှာ ထိပ်ဆုံးရှိနေပြီး ဖြစ်နိုင်သမျှ အမြန်ဆုံး အရေးပေါ်ဆောင်ရွက်မှုတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။
IRC အဖွဲ့ဥက္ကဋ္ဌ ဒေးဗစ် မီလီဘန်က အလွန်အမင်းဆင်းရဲနွမ်းပါးမှုအပေါ် အာရုံစူးစိုက် သင့်တဲ့အကြောင်း၊ ကမ္ဘာကြီးမှာ မတည်မငြိမ်ဖြစ်နေတဲ့ ပဋိပက္ခအခြေအနေတွေအောက် မွေးဖွားလာသူတွေနဲ့ တည်ငြိမ်တဲ့ အခြေအနေမှာ ရပ်တည်နိုင်ခွင့်ရှိသူတွေအကြား စခန်းနှစ်ခု ခွဲထားသလိုဖြစ်နေပြီး ဒါကို ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်နေသလို ကမ္ဘာ့ထိခိုက်လွယ်ဆုံးသော သူတွေကို ကူညီဖို့အတွက် လိုအပ်နေတယ်လို့လည်း ပြောပါတယ်။
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း အဆိုးဝါးဆုံး တတိယနေရာမှာ ရှိနေတဲ့ မြန်မာနိုင်ငံမှာတော့ လက်နက်ကိုင်တိုက်ပွဲတွေ နိုင်ငံအနှံ့ ပိုမိုများပြားလာတာကို တွေ့ရသလို လူပေါင်း ၉ သိန်းနီးပါး အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရပြီး ဒါဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ထက် ၃၇ ရာခိုင်နှုန်း တိုးလာခဲ့တာလို့ ဆိုပါတယ်။
ဒါ့အပြင် ချိန်ခွင်လျှာက စစ်ပွဲတွေဘက်ဆီ ပိုပြီးတော့ ရောက်လာနေတယ်လို့လည်း IRC အစီရင်ခံစာထဲမှာ ဖော်ပြထားပြီး ကာလဝမ်းရောဂါနဲ့ တခြားရောဂါတွေက ပဋိပက္ခတွေကြောင့် ပျက်ပြားခဲ့ရတဲ့ မြန်မာ့ကျန်းမာရေးစနစ်ကို လွှမ်းခြုံခြိမ်းခြောက်နေတယ်လို့လည်း ဆိုပါတယ်။
ရေကြီးရေလျှံမှုနဲ့ တခြားသော ရာသီဥတုကြောင့် ဖြစ်ပေါ်လာတဲ့ ဘေးအန္တရာယ်တွေကလည်း လာမယ့်နှစ်ထဲမှာ မြန်မာနိုင်ငံရဲ့ နောက်ဆက်တွဲလိုအပ်ချက်တွေအပေါ် ဆိုးဝါးတဲ့ အခြေအနေဆီ တွန်းပို့နိုင်တယ်လို့လည်း သတိပေးထားပါတယ်။
IRC က ထုတ်ပြန်တဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း အဆိုးဝါးဆုံး ၁၀ နိုင်ငံထဲမှာတော့ ဆူဒန်နိုင်ငံ၊ အသိမ်းပိုက်ခံ ပါလက်စတိုင်းဒေသနဲ့ မြန်မာနိုင်ငံတွေရဲ့နောက်မှာ ဆီးရီးယား၊ တောင်ဆူဒန်၊ လက်ဘနွန်၊ ဘာကီနာဖာဆို၊ ဟေတီ၊ မာလီနဲ့ ဆိုမာလီယာနိုင်ငံတွေ ပါဝင်နေပါတယ်။