Home
မြန်မာသတင်း
မြန်မာတွင် တိုင်ဖွန်းမုန်တိုင်းယာဂီအလွန် ၃ လကြာအထိ လူသားချင်းစာနာမှုအကူများ လိုအပ်နေ
DVB
·
December 11, 2024
Photo: Myanmar Red Cross Society

မြန်မာနိုင်ငံမှာ တိုင်ဖွန်းမုန်တိုင်းယာဂီရဲ့ အရှိန်ကြောင့် ရေကြီး မြေပြိုပြီး အကြီးအကျယ် ပြိုလဲပျက်စီးခဲ့မှုကနေ ပြန်လည် နာလန်ထူနိုင်ဖို့ ရုန်းကန်နေရချိန်မှာပဲ ပိုမိုနက်ရှိုင်းလာတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတယ်လို့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနဲ့ လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း (IFRC) က ဒီဇင်ဘာ ၉ ရက်က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလက တိုက်ခတ်ခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်းယာဂီ အရှိန်ကြောင့် နိုင်ငံတဝန်းရှိ မြို့နယ်ပေါင်း ၇၀ လောက်ရှိ လူပေါင်း ၁ ဒသမ ၁ သန်းကျော်ဟာ ရေကြီး မြေပြိုမှုဒဏ်ကို အပြင်းအထန် ကြုံတွေ့ ခံစားခဲ့ကြတာပါ။

တိုင်ဖွန်းမုန်တိုင်းဟာ လက်ရှိဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ကြောင့် လူပေါင်း ၁၈ သန်း လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်နေတဲ့ ရှိရင်းစွဲ အကျပ်အတည်းကို ပိုမို ဆိုးရွားစေခဲ့ပြီး စီးပွားရေးနဲ့ စားဝတ်နေရေးလုပ်ငန်းတွေ ထိခိုက်ဆုံးရှုံးခဲ့ရမှုကြောင့် ဆင်းရဲမွဲတေမှုကို ပိုမို မြင့်တက်စေခဲ့တယ်လို့ ကြက်ခြေနီအဖွဲ့က ဆိုပါတယ်။

ယာဂီမုန်တိုင်းကြောင့် စပါးနဲ့ တခြားကောက်ပဲသီးနှံတွေ စိုက်ပျိုးထားတဲ့ စိုက်ပျိုးမြေ ဟတ်တာပေါင်း ၂ ဒသမ ၃ သန်း ကျော်နဲ့ မွေးမြူရေးလုပ်ငန်းပေါင်း ၁၇၆,၀၀၀ ထိခိုက်ပျက်စီးခဲ့သလို နေအိမ်တွေ၊ စာသင်ကျောင်းတွေ၊ လမ်းတံတား တွေနဲ့ လျှပ်စစ်ဓါတ်အားပေး အခြေခံအဆောက်အအုံတွေလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။

အကျိုးဆက်အနေနဲ့ မုန်တိုင်းဒဏ်သင့် ပြည်သူထောင်ပေါင်းများစွာဟာ သောက်သုံးရေ၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ မိလ္လာစနစ်တွေလို မရှိမဖြစ် လိုအပ်တဲ့ ဝန်ဆောင်မှုတွေ ရရှိဖို့ အခုချိန်ထိ အခက်ကြုံနေကြရသလို စိုက်ပျိုးမွေးမြူရေးကို မှီခိုအားထားနေရတဲ့ မိသားစုတွေဟာ စားနပ်ရိက္ခာ မလုံလောက်မှုတွေအပြင် စီးပွားရေး အရလည်း အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ဒါ့အပြင် ရေကြီးမှု နောက်ဆက်တွဲအနေနဲ့ အပျက်အစီးတွေ တင်ကျန်ရစ်ပြီး ရေအရင်းအမြစ်တွေဟာလည်း သောက်သုံးလို့ မသင့်လျော်တဲ့အတွက် ကျန်မာရေး ဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပေါ်စေကာ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကိုလည်း ထိခိုက်စေတယ်လို့ ကြက်ခြေနီအဖွဲ့က ဆိုပါတယ်။

မြန်မာနိုင်ငံကြက်ခြေနီအသင်း (MRCS) ရဲ့ ကွင်းဆင်းလေ့လာ စစ်တမ်းကောက်ယူမှုတွေအရ မုန်တိုင်းသင့်ပြည်သူ အများစုဟာ အစားအစာ၊ အခြေခံအသုံးအဆောင်ပစ္စည်းတွေနဲ့ ငွေကြေး အထောက်အပံ့တွေအပါအဝင် ယာယီ ခိုလှုံရာနေရာ၊ နေအိမ်ပြုပြင်မွမ်းမံရေး၊ စားဝတ်နေရေးလုပ်ငန်း ပြန်လည်လည်ပတ်နိုင်ရေး၊ စိတ်ကျန်းမာရေးနဲ့ စိတ်ပိုင်းဆိုင်ရာ ကူညီထောက်ပံ့မှုတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

MRCS ရဲ့ သဘာဝဘေး စီမံခန့်ခွဲရေးဌာန ညွှန်ကြားရေးမှူး ဒေါ်မိုးသီတာဝင်းက “တိုင်ဖွန်းမုန်တိုင်း ယာဂီကြောင့် ရေဘေးသင့်ခဲ့ရတဲ့ မိသားစုပေါင်းမြောက်မြားစွာဟာ အိုးမရှိအိမ်မရှိ၊ သန့်ရှင်းတဲ့ သောက်သုံးရေနဲ့ မရှိမဖြစ် လိုအပ်တဲ့ အခြေခံအသုံးအဆောင်ပစ္စည်းတွေ ဘာဆိုဘာမှမရှိ ဖြစ်နေပြီး မျှော်လင့်ချက်လက်မဲ့နဲ့ စိတ်ပျက် လက်ပျက် ဖြစ်နေကြတာပါ။ အခုချိန်မှာ သူတို့တွေရဲ့ ဘေးကင်းလုံခြုံရေးနဲ့ လူ့ဂုဏ်သိက္ခာကို ရှေ့တန်းတင်ပြီး အရေးပေါ် အကူအညီတွေ ပေးအပ်နိုင်ဖို့ ဆောင်ရွက်သွားကြရမှာ ဖြစ်တယ်” လို့ ထုတ်ပြန်ချက်မှာ ပြောကြားထားပါတယ်။

အပြည်ပြည်ဆိုင်ရာကြက်ခြေနီနဲ့ လခြမ်းနီအသင်းများဖက်ဒရေးရှင်း (IFRC) အနေနဲ့ မြန်မာနိုင်ငံကြက်ခြေနီအသင်း (MRCS) ရဲ့ ကူညီထောက်ပံ့ရေး အစီအစဉ်တွေကို ပံ့ပိုးပေးနိုင်ဖို့အတွက် ဆွစ်ဇာလန်ငွေကြေး ဆွစ်ဖရန့်ငွေ ၂ သန်းခွဲ အရေးပေါ် တောင်းခံလျှောက်ထားပြီး MRCS စေတနာ့ဝန်ထမ်း‌ပေါင်း ၄၀၀ ကျော်ရဲ့ အကူအညီနဲ့ လာမယ့် ၂၀၂၅ ခုနှစ်မှာ သဘာဝဘေးဆိုင်ရာ ရှာဖွေရေးနဲ့ ကယ်ဆယ်ရွှေ့ပြောင်းရေး အစီအစဉ်တွေအပါအဝင် နယ်ပယ်ပေါင်းစုံကနေ လူပေါင်း ၃၄,၀၀၀ ကျော်ကို အကူအညီတွေ ပေးအပ်နိုင်ဖို့ ဖြစ်ပါတယ်။

သဘာဝဘေးဒဏ်သင့် ပြည်သူတွေရဲ့ဘဝတွေ ပြန်လည် ထူထောင်ရေးမှာ အကူအညီတွေ ထိရောက် မြန်ဆန်စွာ ပေးအပ်နိုင်ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်အားလုံးအနေနဲ့ ပူးပေါင်း ပါဝင် ဆောင်ရွက်ပေးဖို့ IFRC က တောင်းဆိုထားပါတယ်။

IFRC မြန်မာဌာနေကိုယ်စားလှယ်အဖွဲ့ရဲ့ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ မန်နေဂျာ ခရစ်တီဆာမိုဆာက “လူသားချင်း စာနာမှုအကူအညီတွေ လိုအပ်မှုကိုပဲ ရှေးရှုပြီး IFRC ရဲ့ လုပ်ငန်းတွေကို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ လူသားချင်းစာနာမှုစံနှုန်းတွေနဲ့အညီ အရေးပေါ်အကူအညီ လိုအပ်နေသူတွေထံကို လူသားချင်း စာနာမှုအကူအညီတွေ ချောချောမောမော ရောက်ရှိရေးအတွက် သက်ဆိုင်ရာအဖွဲ့အားလုံးနဲ့ ညှိနှိုင်းဆောင်ရွက်နိုင်ဖို့ IFRC အနေနဲ့ MRCS ကို ဆက်လက် ကူညီပံ့ပိုးပေးသွားမှာပါ။ အထူးသဖြင့် အခုလို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်အခြေအနေမှာ ညှိုနှိုင်းဆောင်ရွက်မှုတွေက အရမ်းကို အရေးကြီးပါတယ်” လို့ ထုတ်ပြန်ချက်မှာ ပြောပါတယ်။

စက်တင်ဘာလကစပြီး လူပေါင်း ၂၅,၀၀၀ ကျော်ကို အရေးပေါ် ခိုလှုံရာနေရာတွေနဲ့ အိမ်ထောင်စုသုံး ပစ္စည်းတွေ ထောက်ပံ့ပေးခဲ့ပြီး လူပေါင်း ၃၄,၀၀၀ ကျော်ကို ကျန်းမာရေး စောင့်ရှောက်မှုတွေ၊ လူပေါင်း ၃၃,၀၀၀ ကို သောက်သုံးရေ၊ မိလ္လာစနစ်တွေနဲ့ လူပေါင်း ၇,၃၀၀ ကျော်ကို မရှိမဖြစ်လိုအပ်တဲ့ တကိုယ်ရေသုံးပစ္စည်းတွေ အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ လွတ်လပ်စွာ သွားလာကူညီခွင့် အကန့်အသတ်တွေနဲ့ အထူးသဖြင့် ပဋိပက္ခဖြစ်ပွားရာဒေသတွေဆီကို  စားသုံးကုန်မဟုတ်တဲ့ တခြား မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းတွေ ပို့ဆောင်ရာမှာ တားမြစ်ကန့်သတ်ချက်တွေ ရှိနေတာကြောင့် မုန်တိုင်းတိုက်ခတ်ပြီး ၃ လကျော်ကြာလာတဲ့အထိ မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှု အကူအညီတွေ ထိထိရောက်ရောက် ပေးအပ်နိုင်ရေးမှာ နှောင့်နှေး ကြန့်ကြာမှုတွေ ရှိနေဆဲဖြစ်ပါတယ်။

ပြင်းထန်တဲ့ တိုင်ဖွန်းမုန်တိုင်း ယာဂီရဲ့ အရှိန်ကြောင့် မြန်မာနိုင်ငံ ဒေသအများအပြားမှာ ရေကြီးရေလျှံမှုတွေဖြစ်ပေါ်ခဲ့ပြီး ပြည်သူသိန်းချီ ရေဘေးဒဏ်ခံစားနေရပြီး သေဆုံးနဲ့ ပျောက်ဆုံးသူ ဦးရေ ၁၀၀၀ ကျော်အထိရှိလာပြီလို့  အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။

စက်တင်ဘာလအစောပိုင်းက ယာဂီမုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံအတွင်း ရှမ်းပြည်နယ်၊ ကရင်နီပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှာ နေရာအနှံ့အပြား မိုးကြီးပြီး၊ ရေကြီးတာ၊ မြေပြိုတာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ရေလွှမ်းမိုးမှုဘေးကြောင့် လူဦးရေ ၇ သိန်းလောက် ထိခိုက်နိုင်မယ် ခန့်မှန်း ထားပြီး လူနေအိမ်တွေပြိုကျ ပျက်စီးတာ၊ ပိုင်ဆိုင်ပစ္စည်းတွေ ဆုံးရှုံးတာ၊ လမ်းတံတားနဲ့ အခြေခံ အဆောက်အအုံတွေ ပျက်စီးတာ၊ စိုက်ပျိုးမြေတွေ ရေလွှမ်းမိုးတာ မွေးမြူရေးတိရိစ္ဆာန်တွေ သေကျေပျက်စီးတာနဲ့ ရေသယံဇာတတွေ ပျက်စီးဆုံးရှုံးခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်ကောင်စီကတော့ မြန်မာနိုင်ငံတဝန်း ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ ၄၁၉ ယောက် ရှိလာကြောင်း ထုတ်ပြန်ထားပါတယ်။  လူဦးရေ ၁၄၀၀၀၀ ကျော် ရေဘေးဒုက္ခရောက်ပြီး ဘာသာရေးအဆောက်အအုံ ၂၅၀ ကျော်၊ လမ်းတံတား ၉၀၀ ကျော် ရေမျောပျက်စီးခဲ့တဲ့အပြင် လျှပ်စစ်မီးတိုင်တွေ၊ ဆက်သွယ်ရေးတာဝါတိုင်တွေ များစွာပျက်စီးခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။

Source: IFRC

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024