Home
မြန်မာသတင်း
မြန်မာလူဦးရေ ၂ သန်းခန့်ကို WFP က ကူညီထောက်ပံ့ပေးမည် 
DVB
·
November 21, 2024

လာမယ့် ၂၀၂၅ ခုနှစ်မှာ မြန်မာနိုင်ငံက လူဦးရေ ၂ သန်းလောက်ကို လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးဖို့ စီစဉ်နေတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က နိုဝင်ဘာ ၂၀ ရက်မှာ ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံရဲ့ ပဋိပက္ခဖြစ်ပွားရာ နေရာဒေသတွေကို အရေးပေါ်အကူအညီ အထောက်အပံ့တွေ သေချာ ရောက်ရှိနိုင်အောင် ဒေသခံအဖွဲ့အစည်းတွေနဲ့ လက်တွဲပြီး လုပ်ဆောင်ဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် မိုက်ကယ်ဒန်းဖို့ဒ်က “လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး ဝန်ထမ်းတွေအနေနဲ့ ကျနော်တို့ WFP ဟာ ကျနော်တို့ရဲ့ အကူအညီ အထောက်အပံ့တွေ နေရာဒေသမရွေးက ထိခိုက်လွယ်ဆုံး လူတွေဆီ အသေအချာရောက်ရှိနိုင်ဖို့ နည်းလမ်းအမျိုးမျိုးကို ရှာဖွေသွားမှာဖြစ်သလို ဘက်ပေါင်းစုံနဲ့ ဆက်လက်ညှိနှိုင်း ဆွေးနွေးသွားမှာလည်း ဖြစ်ပါတယ်” လို့ ပြောပါတယ်။

WFP ဟာ မြန်မာနိုင်ငံမှာ အကူအညီတွေပေးအပ်နေတဲ့ အကြီးမားဆုံး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်း ဖြစ်ပါတယ်။

WFP ရဲ့ အထောက်အပံ့တွေထဲမှာ ပဋိပက္ခဒဏ် ခံစားရသူတွေအတွက် အရေးပေါ် ကယ်ဆယ်ရေး အထောက်အပံ့တွေ အပါအဝင် ကလေးငယ်တွေ၊ မိခင်တွေနဲ့ HIV / TV ဆေးကုသခံယူနေသူတွေအတွက် အာဟာရအထောက်အပံ့တွေ‌ ပေးအပ်တာ၊ ရပ်ရွာလူထု ကြံ့ကြံ့ခံနိုင်စွမ်းမြှင့်တင်ရေး အစီအစဉ်တွေ ပါဝင်ပါတယ်။

ရခိုင်က စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေတဲ့ ဆရာဝေဟင်အောင်က “WFP ဟာ စစ်ကောင်စီနဲ့ ဆွေးနွေးတာအပြင် စစ်ဘေးရှောင်တွေက အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ နေရာတွေမှာ ပိုများတာကြောင့် အာရက္ခတပ်တော် (AA) နဲ့လည်း စကားလမ်းကြောင်း ဆွေးနွေးဖို့ လိုပါတယ်။ တိုက်ရိုက်ကူညီခွင့် မရခဲ့ရင် မြေပြင်မှာ အမှန်တကယ် လုပ်ဆောင်နေတဲ့ ဒေသတွင်း အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး ကူညီမယ်ဆို ရနိုင်ပါတယ်။ မြေပြင်က ဒေသတွင်း CSO တွေ အပါအဝင် ကျနော်တို့ လူမှုပရဟိတ အဖွဲ့အစည်းတွေ အနေနဲ့လည်း ကြိုဆိုပြီးတော့ WFP နဲ့လည်း ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိနေပါတယ်” လို့ ပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ လူလေးယောက်မှာ တယောက်နှုန်းနဲ့ လူဦးရေပေါင်း ၁၃ ဒသမ ၃ သန်းဟာ စားနပ်ရိက္ခာ မလုံလောက်မှုကို ရင်ဆိုင်နေကြရပြီး လူဦးရေ ၃ သန်းခွဲနီးပါးဟာ ပဋိပက္ခကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ကာ နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရပါတယ်။

၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံတဝန်းက လူဦးရေ ၁ ဒသမ ၇ သန်းလောက်ဟာ WFP ရဲ့ အကူအညီ အထောက်အပံ့တွေ ရရှိခဲ့တယ်လို့လည်း သိရပါတယ်။

ကေခိုင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013