Home
မြန်မာသတင်း
အာဏာသိမ်း ၄ နှစ်နီးပါးအတွင်း စာအုပ်ဈေးများ ၃ ဆခန့် မြင့်တက်
DVB
·
January 3, 2025

စစ်အာဏာသိမ်းပြီး ၄ နှစ်နီးပါးဖြစ်လာတဲ့ ၂၀၂၅ ဇန်နဝါရီလမှာပဲ စာအုပ်ဈေးကွက်မှာ စာအုပ်ဈေးနှုန်းတွေ ၃ ဆလောက် ကြီးလာတဲ့အပြင် အရည်အသွေးညံ့တဲ့ စက္ကူသား‌တွေသာ သုံးစွဲနေရတယ်လို့ ရန်ကုန်စာပေအသိုင်းအဝိုင်းက ပြောပါတယ်။

စာအုပ်တအုပ် ဖြစ်လာဖို့အတွက် စာမူကြမ်းကနေ စာမူအချောဖတ်ရပြီး မျက်နှာဖုံးနဲ့ အတွင်းဒီဇိုင်း၊ ထုတ်ဝေရေး၊ ပုံနှိပ်၊ စာအုပ်ချုပ်၊ ဖြန့်ချိရေး၊ စာအုပ်ဆိုင် စတာတွေကို ဖြတ်သန်းရပါတယ်။

စာအုပ်ဆိုင်ဝန်ထမ်းတယောက်က “ကိုဗစ်ကာလက ဆရာမြ ဓားတောင်စာအုပ် (မြသန်းတင့်) က ပြန်ရိုက်မှ ၄,၀၀၀ လောက်ပဲ။ စက္ကူသားကလည်း ၇၀၊ ၈၀ ဂရမ်ထက် မလျော့ဘူး။ အခု ၁၇,၀၀၀၊ ၁၈,၀၀၀ ဖြစ်သွားပြီ။ တအုပ် ၅,၀၀၀ အောက်ဆိုတာ ကဗျာစာအုပ်‌တောင် မရ‌တော့ဘူး” လို့ ပြောပါတယ်။

အာဏာသိမ်းချိန်ကစပြီး ကျပ်ငွေတန်ဖိုး ကျဆင်းလာတာနဲ့ အထွေထွေကုန်ဈေးနှုန်း ထိုးတက်တာတွေ၊ နယ်မြေမငြိမ်မသက် ဖြစ်တာတွေကြောင့် ကုန်ကြမ်းပစ္စည်း လိုသလောက် မရတာတွေ၊ လုပ်ငန်းသုံး သွင်းကုန်ပစ္စည်း ဈေးကြီးတာတွေအပြင် လုပ်ငန်းလည်ပတ်ဖို့ လျှပ်စစ်မီး ပြတ်တောက်တာတွေကြောင့် လောင်စာဆီ အစားထိုးသုံးရလို့ စရိတ်စက ပိုမြင့်လာပြီး စာအုပ်ဈေးပါ လိုက်တက်တာလို့ စာအုပ်ထုတ်ဝေသူတယောက်က မှတ်ချက်ပေးထားပါတယ်။

သုတ၊ ရသ စာပေတွေအပြင် အတန်းအလိုက် ကျောင်းသုံး အထူးထုတ်စာအုပ်တွေကပါ တဘာသာကို ‌၁၅,၀၀၀ ကနေ ၂၀,၀၀၀ ကျော်အထိ ကျသင့်နေတာကို တွေ့ရတာကြောင့် ဘာသာစုံကို စာသင်နှစ် တနှစ်စာအတွက် ကျပ် ၁ သိန်းကျော် ပေးချေဝယ်ယူရမှာ ဖြစ်ပါတယ်။

စာအုပ်အသစ်နဲ့ ပြန်လည် ထုတ်ဝေရိုက်ကူးတဲ့ စာအုပ်တွေ ဈေးနှုန်းမြင့်မားနေတာကြောင့် လိုချင်တဲ့ ဂန္ထဝင်စာအုပ်တွေကို ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်ထဲက ၃၇ လမ်းမှာ စာအုပ်အဟောင်းတန်းတွေနဲ့ အွန်လိုင်း စာအုပ်ရောင်းဝယ်ရေးအဖွဲ့တွေမှာ လိုက်လံရှာဖွေ ဝယ်ယူနေသူတွေလည်း ရှိနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024