![](https://burmese.dvb.no//wp-content/uploads/2025/01/AJa-212024.jpg)
ကာတာနိုင်ငံပိုင် အယ်လ်ဂျာဇီးရားရုပ်သံဟာ လှုံ့ဆော်မှုပါတဲ့ အကြောင်းအရာတွေ လွှင့်တယ်ဆိုပြီး ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ (PA) က ထုတ်လွှင့်ခွင့် ယာယီရပ်ဆိုင်းလိုက်ပါတယ်။
လှည့်ဖျားပြီး ပဋိပက္ခဖြစ်စေတဲ့ အကြောင်းအရာတွေ လွှင့်တယ်ဆိုပြီး ယဉ်ကျေးမှု၊ ပြည်ထဲရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးတွေက ပူးတွဲဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။
အခုဆုံးဖြတ်ချက်က ယာယီလို့ဆိုပေမဲ့ ဘယ်အချိန်ထိလဲဆိုတာကိုတော့ တိတိကျကျ မပြောပါဘူး။
ပြီးခဲ့တဲ့အပတ်က အစ္စရေး ထိန်းချုပ်ထားတဲ့ အနောက်ဘက်ကမ်းက ဂျီနင်းစခန်းမှာ ဖြစ်နေတဲ့ ပါလက်စတိုင်း လုံခြုံရေးတပ်ဖွဲ့တွေနဲ့ စစ်သွေးကြွတွေကြား တိုက်ပွဲကို အယ်လ်ဂျာဇီးရားက သတင်းဖော်ပြပုံကို PA က ဝေဖန်ခဲ့ပါတယ်။
ဒီဆုံးဖြတ်ချက်ကို ပြန်ရုပ်သိမ်းဖို့နဲ့ သူတို့သတင်းထောက်တွေကို အနောက်ဘက်ကမ်းက ခြိမ်းခြောက်မှုတွေမရှိဘဲ လွတ်လွတ်လပ်လပ် သတင်းယူခွင့်ပေးဖို့ အယ်လ်ဂျာဇီးယားက တောင်းဆိုပါတယ်။
ဒီဆုံးဖြတ်ချက်က ဟားမတ်စ် ထိန်းချုပ်ထားတဲ့ ဂါဇာမှာတော့ အကောင်အထည်ပေါ်လာမှာ မဟုတ်ပါဘူး။
PA ဟာ အာဏာပိုင်လို့ဆိုပေမဲ့ အစ္စရေးသိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းဒေသမှာပဲ အခြေစိုက်နိုင်တာ ဖြစ်ပါတယ်။ ဂါဇာကမ်းမြောင်ကိုတော့ ဟားမတ်စ်အဖွဲ့ကပဲ ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။
PA ကို ထိန်းချုပ်ထားတဲ့ ဖာတာအဖွဲ့က အယ်လ်ဂျာဇီးရားဟာ “အထွေထွေအားဖြင့် ကျုပ်တို့အာရပ်အမိမြေကို၊ အထူးသဖြင့် ပါလက်စတိုင်းကိုပါ သွေးကွဲအောင်လုပ်နေတယ်” လို့ ပြောပါတယ်။
ပြီးတော့ ပါလက်စတိုင်းတွေအနေနဲ့ ဒီရုပ်သံလိုင်းနဲ့ မပူးပေါင်းဖို့ပါ တိုက်တွန်းထားပါတယ်။
အစ္စရေးစစ်တပ်ကလည်း စက်တင်ဘာလတုန်းက အနောက်ဘက်ကမ်း ရာမာလာမြို့မှာရှိတဲ့ အယ်လ်ဂျာဇီးရားရုံးကို စီးနင်းဝင်ရောက်ပြီး ပိတ်သိမ်းဖို့ အမိန့်ပေးခဲ့ပါတယ်။
အစ္စရေးအစိုးရဟာ မေလတုန်းက အယ်လ်ဂျာဇီးရားကို နိုင်ငံထဲမှာ လုပ်ငန်းလုပ်ကိုင်တာတွေ၊ ထုတ်လွှင့်တာတွေ မလုပ်ဖို့ တားမြစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ တရားရုံးကလည်း ဒီပိတ်ပင်မှုကို အတည်ပြုပေးခဲ့ပါတယ်။
Source : Reuters