Home
နိုင်ငံတကာ
ဂါဇာစစ်ပွဲ၌ ပါလက်စတိုင်း ၄၅,၀၀၀ ကျော် သေဆုံးပြီး လူဦးရေ ၆ ရာခိုင်နှုန်းလျော့ကျ
DVB
·
January 2, 2025
Photo-Reuters

ဂါဇာကမ်းမြောင်မှာ အစ္စရေးက တိုက်ခိုက်လို့ ပါလက်စတိုင်း သေဆုံးသူဦးရေ ၄၅,၅၅၃ ယောက်အထိ မြင့်တက်လာပြီး တခြားလူ ၁၀၈,၃၇၉ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဂါဇာအခြေစိုက် ကျန်းမာရေးအာဏာပိုင်တွေက ဇန်နဝါရီ ၁ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

နှစ်သစ်ကူးနေ့မှာ အစ္စရေးစစ်တပ်က ဂါဇာကမ်းမြောင်ဒေသတွင်း နေရာအများအပြားကို တိုက်ခိုက်ခဲ့လို့ လူ ၂၁ ယောက် သေဆုံးခဲ့တယ်လို့ ကျန်းမာရေးအာဏာပိုင်တွေက ပြောပါတယ်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှာ မြေပြင်တပ်ဖွဲ့တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့အတူ အစ္စရေးလေတပ်က ဂါဇာကမ်းမြောင်ဒေသထဲမှာ ဥမင်တွေ၊ လိုဏ်ခေါင်းတွေ၊ လက်နက်တိုက်တွေနဲ့ ကင်းစခန်းတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုပေါင်း ၁,၄၀၀ ကျော်ကို ပစ်မှတ်ထားတိုက်ခိုက်ဖို့ တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေနဲ့ ဒရုန်းတွေကို စေလွှတ်ခဲ့တယ်လို့ အဲဒီနေ့မှာပဲ ကြေညာခဲ့ပါတယ်။

အစ္စရေးနဲ့ ဟားမတ်စ် ပဋိပက္ခကြောင့် မနှစ်ကထက် ဂါဇာမှာ လူဦးရေ ၆ ရာခိုင်နှုန်း ကျဆင်းသွားတယ်လို့ ပါလက်စတိုင်း ဗဟိုစာရင်းအင်းဗျူရို (PCBS) က ဒီဇင်ဘာ ၃၁ ရက်မှာ စာရင်းထုတ်ပြန်ပါတယ်။

နောက်ဆုံးထုတ်ပြန်ချက်အရ ၂၀၂၄ ခုနှစ်အတွက် ဂါဇာကမ်းမြောင်ရဲ့ ခန့်မှန်းခြေလူဦးရေဟာ ၂ ဒသမ ၁ သန်းအထိ လျော့ကျသွားတာကို ပြထားပါတယ်။ ပါလက်စတိုင်း ၁ သိန်းလောက်လည်း ဂါဇာကမ်းမြောင်ကနေ ထွက်ပြေးခဲ့ရပါတယ်။

အဲဒီနေ့မှာပဲ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ အစ္စရေးက ဂါဇာကမ်းမြောင်ဒေသထဲက ဆေးရုံတွေနဲ့ အနီးတဝိုက်မှာ လူသေတဲ့အထိ တိုက်ခိုက်မှုပုံစံဟာ ကျန်းမာရေး စောင့်ရှောက်မှုစနစ်ကို လုံးဝပြိုပျက်သွားစေပြီး ကပ်ဘေးဖြစ်စေခဲ့တယ်လို့ ပြောရေးဆိုခွင့်ရှိသူ ဂျေရေမီ လောရင့်စ်က ပြောပါတယ်။

ဆေးရုံတွေနဲ့ စစ်တပ်မဟုတ်တဲ့ ပစ်မှတ်တွေကို တိုက်ခိုက်တာဟာ စစ်ရာဇ၀တ်မှုဖြစ်ပြီး အရပ်သားတွေအပေါ် စနစ်တကျ ချိုးဖောက်မှုတွေဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေ ဖြစ်လာနိုင်တယ်လို့ အစီရင်ခံစာထဲမှာ ဖော်ပြ သတိပေးထားပါတယ်။

ဒီအစီရင်ခံစာဟာ လုပ်ကြံစွပ်စွဲထားတာဖြစ်ပြီး ဟားမတ်စ်တို့က ဂါဇာကမ်းမြောင်ဒေသထဲက ဆေးရုံတွေကို အကြမ်းဖက်လှုပ်ရှားမှုအတွက် သုံးနေတယ်လို့ ဂျီနီဗာမှာရှိတဲ့ ကုလသမဂ္ဂဆိုင်ရာ အစ္စရေး အမြဲတမ်းကိုယ်စားလှယ်က စွပ်စွဲ ပြောဆိုခဲ့ပါတယ်။

ဂါဇာမှာ ကိုယ်ဝန်ဆောင်အမျိုးသမီး ၆၀,၀၀၀ လောက် ကျန်းမာရေးစောင့်ရှောက်မှု ချို့တဲ့လို့ အန္တရာယ်ကြုံတွေ့နေရပြီး ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင် တသိန်းခွဲကျော်ဟာ မရှိမဖြစ်လိုအပ်တဲ့ သားဖွား မီးယပ် ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုတွေကို လက်လှမ်းမမီနိုင်ဘဲ ဖြစ်နေတယ်လို့ PCBS က ဆိုပါတယ်။

၂၀၂၄ ခုနှစ် စက်တင်ဘာလကုန်အထိ အစိုးရစာသင်ကျောင်းပေါင်း ၇၇ ကျောင်းကို လုံးလုံးလျားလျား ဖျက်ဆီးခဲ့ပြီး ၁၉၁ ကျောင်း ဗုံးကြဲဖျက်ဆီးခံခဲ့ရတယ်လို့ ပါလက်စတိုင်း ပညာရေးနဲ့ အဆင့်မြင့်ပညာရေးဝန်ကြီးဌာနရဲ့ အစီရင်ခံစာကို ကိုးကားပြီး PCBS က ပြောပါတယ်။

အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် ဂါဇာမှာ သေဆုံးခဲ့ရတဲ့ ကျောင်းသားဦးရေဟာ ၁၁,၇၁၄ ယောက်ရှိပြီး ဆရာ၊ ဆရာမ ၄၆၃ ယောက် ရှိခဲ့ပါတယ်။

PCBS အချက်အလက်တွေအရ ဂါဇာကမ်းမြောင်ဒေသရဲ့ စီးပွားရေးက လုံးလုံးလျားလျား ပြိုလဲသွားပြီး အနောက်ဘက်ကမ်းမှာ သိသိသာသာ ကျဆင်းတာကို ညွှန်ပြနေပါတယ်။

၂၀၂၄ ခုနှစ်မှာ ပါလက်စတိုင်းရဲ့ GDP က ၂၈ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး အလုပ်လက်မဲ့နှုန်း ၅၁ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။

ဂါဇာကမ်းမြောင်ဒေသရဲ့ GDP ဟာ တနှစ်ထက်တနှစ် ၈၂ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး အလုပ်လက်မဲ့နှုန်း ၈၀ ရာခိုင်နှုန်းနဲ့ ဆင်းရဲမွဲတေမှုနှုန်း ၈၀ ရာခိုင်နှုန်းနီးပါး ရှိလာခဲ့ပါတယ်။

ဂါဇာကမ်းမြောင်ဆီ ထောက်ပံ့ရေးကွင်းဆက်တွေ ပြတ်တောက်လုနီးပါး ဖြစ်ခဲ့လို့ ဂါဇာကမ်းမြောင်နဲ့ ပြင်ပကမ္ဘာကြား ကုန်သွယ်ရေးဖလှယ်မှုက ရပ်တန့်သွားတယ်လို့ PCBS က ပြောပါတယ်။

ဒီပြတ်တောက်မှုကြောင့် ကျန်းမာရေးနဲ့ စားနပ်ရိက္ခာ အကျပ်အတည်း ဖြစ်ခဲ့ပြီး ရလာတဲ့ အခြေခံကုန်စည်တွေ၊ ဆေးဝါးတွေ၊ ကျန်းမာရေးထောက်ပံ့မှုတွေနဲ့ အစားအစာတွေဟာ ဂါဇာကမ်းမြောင်ရဲ့ လိုအပ်ချက် ပမာဏရဲ့ ၅ ရာခိုင်နှုန်းထက် မပိုခဲ့ဘူးလို့လည်း ဆိုပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013