Home
မြန်မာသတင်း
VPN ဝန်ဆောင်မှုပေးသူကို ထောင် ၆ လ ချမှတ်နိုင်သည့် ဆိုက်ဘာလုံခြုံရေး‌ဥပဒေ စစ်ကောင်စီ ပြဋ္ဌာန်း 
DVB
·
January 2, 2025

၂၀၂၅ ခု ဇန်နဝါရီ ၁ ရက်မှာ အတည်ပြုပြဋ္ဌာန်းလိုက်တဲ့ စစ်ကောင်စီရဲ့ ဆိုက်ဘာလုံခြုံရေး‌ဥပဒေမှာ VPN ထူထောင်ခြင်းနဲ့ ဝန်ဆောင်မှုပေးခြင်းတွေကို ‌အများဆုံး ထောင်ဒဏ် ၆ လ နဲ့ ငွေဒဏ် ကျပ် သိန်း ၁၀၀  အထိ ပြစ်ဒဏ်ပေးဖို့ ပါဝင်နေပါတယ်။

စာမျက်နှာ ၂၇ အထိ ပါဝင်တဲ့ ဒီဥပဒေမှာ ပုဒ်မပေါင်း ၈၈ ခုအထိ ပါရှိပြီး စစ်ကောင်စီဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်ရယူခြင်းမရှိဘဲ VPN ထူထောင်တာ VPN ဝန်ဆောင်မှုပေးတာတွေ ပြုလုပ်ကြောင်း တွေ့ရှိပါက ပုဒ်မ ၇၀ (က) (ခ) ဆိုတဲ့ ပုဒ်မ ၂ ခုနဲ့ အရေးယူမယ်လို့ ဆိုပါတယ်။

လူပုဂ္ဂိုလ်ဖြစ်ပါက ထောင်ဒဏ်အနည်းဆုံး ၁ လမှ အများဆုံး ၆ လအထိ၊ ငွေဒဏ်အနည်းဆုံး ကျပ် ၁၀ သိန်းမှ အများဆုံး ကျပ် သိန်း ၁၀၀ နဲ့  သက်သေခံပစ္စည်းတွေကို စစ်ကောင်စီဘက်က နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းမယ်လို့ ပုဒ်မ(က)မှာ တွေ့ရသလို ကုမ္ပဏီတွေ အဖွဲ့အစည်းတွေဖြစ်ပါက ပုဒ်မ(ခ)အရ ကျပ် သိန်း ၁၀၀ အောက်မနည်းတဲ့ ငွေဒဏ်နဲ့ သက်သေခံပစ္စည်းတွေ သိမ်းမယ်လို့ ပါရှိပါတယ်။

ဒီဥပဒေမှာ သုံးစွဲထားတဲ့ ဝေါဟာရတွေနဲ့ပတ်သက်လို့ အဓိပ္ပာယ်ကွဲပြားအောင် လုပ်ဆောင်ထားတာနဲ့ စစ်ကောင်စီ အောက်ခြေဝန်ထမ်းတွေက ဥပဒေလက်တလုံးခြားပြီး အကျင့်ပျက်ခြစားတာတွေ ပိုဖြစ်လာနိုင်သလို လွတ်လပ်စွာပြောဆိုခွင့်အတွက် ပိုမိုတင်းကျပ်ဖို့ လုပ်ဆောင်နေတာဖြစ်တယ်လို့ ဥပဒေရေးရာနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ဝေဖန်ပါတယ်။

လူ့အခွင့်အရေးလှုပ်ရှားသူတယောက်က “VPN ထူထောင်တယ်ဆိုတာ ဘာကို ပြောချင်တာလဲ။ သုံးတာကို ပြောတာလား။ ဆော့ဝဲလ်ရေးဆွဲပေးတာကို ပြောတာလားဆိုတာ ဘာမှန်းကို တိတိကျကျ မပါတာ။ လိုသလိုသုံးမယ့် အနေအထားရှိနေတယ်။ ဝန်ကြီးဌာနဆိုတာလည်း ဘယ်လက်အောက်ခံ ဆိုတာလည်း မပါဘူး။ ဆိုက်ဘာလုံခြုံရေးဆိုပြီး ပြည်သူကို ထပ်ပြီး ဖိနှိပ်ဖို့၊ အောက်ကကောင်တွေ ချောင်လည်လုပ်စားလို့ရအောင် တရားဝင်လမ်းခင်းပေးလိုက်တာမျိုးပါပဲ။ စစ်အုပ်စုလက်ထက် ဘာဥပဒေထုတ်ထုတ် အကျုံးမဝင်ပါဘူး” လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတဲ့နေ့မှာပဲ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံရတဲ့အပြင် သတင်းစီးဆင်းဆက်သွယ်မှု အမှောင်ကျသွားခဲ့ပါတယ်။

ဒါ့အပြင် အလွယ်တကူ မသုံးစွဲနိုင်အောင် လူသုံးများတဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် အပါအဝင် တခြား အပလီကေးရှင်းတွေကိုလည်း  စစ်ကောင်စီဘက်က တားဆီးထားတာကြောင့် VPN ခံပြီးမှသာ သုံးစွဲလို့ ရနေခဲ့တာလည်း ဖြစ်ပါတယ်။

လက်တွေ့မှာတော့ ဆိုက်ဘာလုံခြုံရေးဥပဒေအသစ်မှာ ပါဝင်တဲ့ VPN ထူထောင်ခြင်း စတဲ့ ပုဒ်မ မတိုင်ခင် ၂၀၂၂ ခုကတည်းက စစ်ကောင်စီရဲနဲ့ အဖွဲ့ဝင်တွေက အမြန်လမ်းစစ်ဆေးရေးဂိတ်တွေနဲ့ ရန်ကုန်မြို့မှာ အရပ်သားတွေရဲ့ ဖုန်းကို စစ်ဆေးပြီး VPN တွေ့ရှိမှုနဲ့ ခြိမ်းခြောက်ငွေညှစ်တာတွေ ရှိခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024