စစ်ကောင်စီက ရက်ရှည်ရုံးပိတ်ရက် ပြင်ဆင်သတ်မှတ်ခဲ့ပေမဲ့ စက်ရုံတချို့မှာ ပိတ်ရက်မပေးဘဲ စေခိုင်းတာတွေရှိတယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေဆီက သိရပါတယ်။
အများပြည်သူနဲ့ နိုင်ငံဝန်ထမ်းတွေ ခရီးသွားလာတာ လွယ်ကူစေဖို့နဲ့ ရက်ရှည်အနားယူ အပန်းဖြေနိုင်ဖို့ဆိုပြီး ဒီဇင်ဘာ ၂၈ ကနေ ဇန်နဝါရီ ၁ ရက်အထိကို ရုံးပိတ်ရက်အနေနဲ့ သတ်မှတ်ပေးခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ စက်ရုံအချို့ကတော့ ပိတ်ရက်ရှည်မပေးဘဲ စေခိုင်းတာတွေရှိလို့ ဆက်သွယ် အကူအညီတောင်းတဲ့ ဖြစ်ရပ်တွေ များစွာရှိနေခဲ့တယ်လို့ အလုပ်သမားအဖွဲ့အစည်းအချို့က ဆိုပါတယ်။
သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STUM) တာဝန်ရှိသူတယောက်က “စက်ရုံမပိတ်ပေးလို့ဆိုပြီး ဖုန်းတွေဆက် အကူအညီတောင်းကြတာ တော်တော်များတယ်။ တချို့ရုံတွေဆို မပိတ်တဲ့အပြင် အောလင်း (ညလုံးပေါက်) အချိန်ပိုခိုင်းတာတွေတောင် ရှိတယ်။ အလုပ်သမားရုံးကို ဖုန်းဆက်တော့လည်း သူတို့က ပိတ်ရက်မို့လို့ ဖုန်းမကိုင်ကြဘူး” လို့ ပြောပါတယ်။
ရုံးပိတ်ရက် ပြင်ဆင်သတ်မှတ်တာကို ဒီဇင်ဘာ ၂၁ ရက်က ကြေညာခဲ့တာဖြစ်ပြီး အလုပ်သမားဝန်ကြီးဌာနက ပြောတာမဟုတ်တဲ့အတွက် မပိတ်ပေးနိုင်ဘူးဆိုပြီး လုပ်ငန်းရှင်တချို့က ပြောလာတာကြောင့် ရုံးပိတ်ရက်ရှည်မှာ စက်ရုံ၊ အလုပ်ရုံတွေလည်း အကျုံးဝင်တယ်လို့ အလုပ်ရုံနဲ့အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနက ဒီဇင်ဘာ ၂၆ ရက်မှာ အမိန့်ကြော်ငြာစာထုတ်ပေးခဲ့ပါတယ်။
ဒါပေမဲ့ စက်ရုံတချို့က လိုက်နာတာမရှိဘဲ ဆက်ဖွင့်သလို အလုပ်သမားတွေရဲ့ ဆန္ဒအရ ဆင်းတာဆိုပြီး အလုပ်သမားတွေကို အတင်းအကျပ် လက်မှတ်ထိုးခိုင်းတဲ့ဖြစ်စဥ်တွေရှိခဲ့တယ်လို့ စက်ရုံလုပ်သားအချို့ကဆိုပါတယ်။
ရွှေပြည်သာမြို့နယ်မှ စက်ရုံအလုပ်သမားတယောက်က “ပိတ်ရက်မှာ ဆင်းရလို့ အချိန်ပိုကြေးပေး၊ မပေးဆိုတာလည်း မသိရဘူး။ လစာထုတ်မှ သိရမှာ။ အချိန်ပိုကြေး မရရင် ပြဿနာတက်မှာ သေချာတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီက ၂၀၂၄ နှစ်ကုန်ရက်ရှည်ပိတ်ရက်အပြင် ၂၀၂၅ အတွင်း မတ် ၁၂ ရက်ကနေ ၁၆ ရက်အထိ ရုံးပိတ်ရက် ၅ ရက်၊ နိုဝင်ဘာ ၁ ရက်ကနေ ၄ ရက်အထိ ရုံးပိတ်ရက် ၄ ရက်၊ ဒီဇင်ဘာ ၂၅ ရက်ကနေ ၂၈ ရက်အထိ ရုံးပိတ်ရက် ၄ ရက်အဖြစ် ပြင်ဆင်သတ်မှတ်ထားပါတယ်။