Home
မြန်မာသတင်း
ပြည်တွင်းစက်ရုံလုပ်သားများ၏ တရက်လုပ်ခ ၁ ဒေါ်လာပင်မပြည့်တော့
DVB
·
August 10, 2024

ကျပ်ငွေတန်ဖိုး ဆက်တိုက်ထိုးကျလာပြီးနောက် ပြည်တွင်းရှိ စက်ရုံလုပ်သားတွေရဲ့ တရက်လုပ်ခမှာ တဒေါ်လာပင် မပြည့်တော့ဘူးလို့ အလုပ်သမားအရေးလူပ်ရှားသူတွေက ပြောပါတယ်။

ပြင်ပနိုင်ငံခြားငွေလဲနှုန်းမှာ သြဂုတ် ၉ ရက်က တဒေါ်လာကို ကျပ် ၆၀၀၀ ကျပ်စွန်းစွန်းရောက်ရှိလာတာကြောင့် စက်ရုံလုပ်သားတွေရဲ့ တရက်အနည်းဆုံးလုပ်ခထက်ပင် ကျော်လွန်သွားတာလို့ ဆိုပါတယ်။

လက်ရှိ စက်ရုံလုပ်သားတွေရဲ့ တရက်အနည်းဆုံး တရားဝင်သတ်မှတ်ထားတဲ့ လုပ်ခမှာ  ၄,၈၀၀ ကျပ်ဖြစ်ပြီး ထောက်ပံ့ငွေ ကျပ် ၁၀၀၀ ကို ထပ်ဆောင်းခွင့်ပြုထားပါတယ်။

ပြည်တွင်းအလုပ်သမားအရေးလှုပ်ရှားသူတဦးက “ထောက်ပံ့ကြေးပါပေါင်းတောင် တဒေါ်လာနှုန်းမရှိတော့ဘူး။ တချို့စက်ရုံတွေက လုပ်ခတိုးပြီး လူခေါ်တာရှိပေမဲ့ အနည်းစုပါ။ စက်ရုံတချို့ဆိုရင် ထောက်ပံ့ကြေးတောင်မပေးဘဲ ခိုင်းနေတာရှိတယ်” လို့ ပြောပါတယ်။

၂၀၁၈ ခုနှစ်တုန်းက အလုပ်သမားတွေအတွက် အနည်းဆုံးအခကြေးငွေကို သတ်မှတ်ရာမှာ နိုင်ငံခြားငွေလဲနှုန်းနဲ့ချိန်ညှိခဲ့ပြီး ထိုစဥ်က တဒေါ်လာကို ကျပ် ၁၃၀၀ နှုန်းရှိရာ တရက်လုပ်ခကို ၃ ဒေါ်လာနှုန်းနဲ့ လျာထားပြီး ကျပ်  ၄,၈၀၀ သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ စစ်အာဏာသိမ်းပြီး ၃ နှစ်ကျော်အကြာမှာတော့ လုပ်ခမှာ ၂ ဒေါ်လာနီးပါးဆုံးရှုံးလိုက်ရပြီး တရက်လုပ်ခ တဒေါ်လာအောက်အထိ ရောက်ရှိသွားတာပါ။

ရွှေပြည်သာမြို့နယ်မှ အထည်ချုပ်စက်ရုံလုပ်သားတဦးက “အလုပ်သမားတယောက်လုပ်ခက အိမ်ကို ပြန်ထောက်ဖို့နေနေသာသာ၊ ကိုယ်တယောက်စာတောင် မနည်းလောက်အောင် လုပ်နေရတယ်။ လုပ်ခတိုးမြှင့်ပေးဖို့ တောင်းဆိုနေတာလည်းအရာမထင်ဘူး။ ကုန်စျေးနူန်းတွေကလည်း ဆက်တိုက်တက်နေတော့ ရေရှည်မလွယ်ဘူး” လို့ ပြောပါတယ်။

ပြည်တွင်းအလုပ်သမားအဖွဲ့အစည်းတွေကလည်း တရက်လုပ်ခကို ​၃ ဒေါ်လာနဲ့ ညီမျှတဲ့ နှုန်းထားပေးဖို့ အစဥ်တစိုက်တောင်းဆိုထားကြ ပါတယ်။

အဲဒီလို အလုပ်သမားတွေက ရရှိတဲ့လစာနဲ့ ကုန်စျေးနှုန်းတိုးမြင့်မှု မလောက်ငတာကြောင့် အနည်းဆုံး အခကြေးငွေပြင်ဆင်တိုးမြှင့်ပေးဖို့ တောင်းဆိုနေပေမဲ့ စစ်ကောင်စီက ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ တရက်ကို ထောက်ပံ့ကြေး ကျပ် ၁၀၀၀ ထပ်ဆောင်းပေးဖို့သာ ခွင့်ပြုခဲ့ပါတယ်။

ဒါပေမဲ့ စစ်ကောင်စီရဲ့သြဇာခံ Non CDM တွေကိုတော့ ၂၀၂၃ နှစ်ကုန်ပိုင်းက ထောက်ပံ့ကြေးကျပ် ၁၀၀၀ ခံစားခွင့်ပေးသလို ဒီနှစ်သြဂုတ်လကစပြီး နောက်ထပ်ကျပ် ၁၀၀၀ တိုးမြှင့်ခံစားခွင့်ပေးခဲ့ပါတယ်။

စစ်ကောင်စီအနေနဲ့ စက်ရုံနဲ့ပုဂ္ဂလိကကဏ္ဍမှ အလုပ်သမားတွေရဲ့ လုပ်ခဖူလုံမှုမရှိတဲ့ကိစ္စကို လျစ်လျူရှုထားရုံသာမကဘဲ မကြာခင်က လုပ်ခတိုးပေးတဲ့ ကုမ္ပဏီတွေနဲ့လုပ်ငန်းတွေကို ချိပ်ပိတ်ပြီး ပိုင်ရှင်တွေကို အရေးယူတာတွေရှိခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013