တောင်ကိုရီးယားနိုင်ငံမှာ နေထိုင်တဲ့ ဗီဇာအခက်အခဲဖြစ်နေပြီး ဖမ်းဆီးခံနေရတဲ့ မြန်မာတွေကို ကူညီဖို့ နည်းလမ်းရှာမယ်လို့ ကိုရီးယားနိုင်ငံ အမျိုးသားလွှတ်တော် အမျိုးသားမူဝါဒကော်မတီအဖွဲ့ဝင် အမတ် အီဂန်းအီလ်က ပြောလိုက်ပါတယ်။
ကိုရီးယားနိုင်ငံ ချောင်ဂျူး ဆန်ဒန်မြို့နယ်က ရွေးကောက်ခံအမတ် အီဂန်းအီလ်နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ်ရုံး တာဝန်ရှိသူတွေ ဒီကနေ့ ဒီဇင်ဘာ ၃၀ ရက် တွေ့ဆုံချိန်မှာ ပြောဆိုလိုက်တာပါ။
လွှတ်တော်အမတ် အီဟာ လူ့အခွင့်အရေး၊ ဒုက္ခသည်အရေးနဲ့ အလုပ်သမားရေးတို့ကို စိတ်ဝင်စားသူဖြစ်ပြီး ဒါတွေကိုကူညီဖို့ ဆန္ဒရှိတယ်လို့ NUG ရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။
ဆွေးနွေးမှုအပြီးမှာ ကိုရီးယားနိုင်ငံမှာ ရောက်နေတဲ့ တော်လှန်ပြည်သူတွေရဲ့ ဗီဇာအခက်အခဲတွေကို အလေးထား ဆောင်ရွက်ပေးဖို့နဲ့ မတရားဖမ်းဆီးခံရသူများ၊ စစ်ဘေးကြောင့် အကျပ်အတည်းဖြစ်နေသူများကို ကူညီဖို့ နည်းလမ်းရှာသွားမယ်လို့လည်း လွှတ်တော်အမတ် အီက ပြောဆိုသွားတယ်လို့ ဆိုပါတယ်။
ဒီဇင်ဘာ ၁၈ ရက်က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ထောက်ခံချက်နဲ့ ပတ်စ်ပို့စာအုပ် သက်တမ်းတိုးတာတွေကို ရပ်ဆိုင်းတယ်လို့ တောင်ကိုရီးယားအစိုးရ လူဝင်မှုကြီးကြပ်ရေးဘက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။