Home
မြန်မာသတင်း
ထိုင်းတောင်ပိုင်း၌ ဆူနာမီကြောင့် သေဆုံးသွားသည့် မြန်မာများအတွက် ကုသိုလ်ကောင်းမှုပြုလုပ် 
DVB
·
December 26, 2024

ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖန်ငခရိုင်ထဲက လှပတဲ့ ခေါင်လတ်ပင်လယ်ကမ်းခြေမှာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀ က ဆူနာမီငလျင်ရေလှိုင်း သဘာဝဘေး ဖြစ်ရပ်ဆိုးကြီးနဲ့ ကြုံတွေ့ခဲ့ရပြီး သေဆုံးသွားခဲ့ကြတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေအတွက် ကျန်ရစ်သူမိသားစုတွေက ဒီကနေ့ ဒီဇင်ဘာ ၂၆ ရက်မှာ  ကုသိုလ်ကောင်းမှု ပြုလုပ်ပေးခဲ့ကြပါတယ်။

၂၀၀၄ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်က အင်ဒိုနီးရှားနိုင်ငံ အနောက်ဘက်ခြမ်းမှာ ရစ်ချ်တာစကေး ၉ ဒသမ ၁ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်ခဲ့ပြီး အိန္ဒိယသမုဒ္ဒရာ ကမ်းရိုးတန်းဒေသ ၁၄ နိုင်ငံကို ဆူနာမီလှိုင်းလုံးကြီးတွေ ရိုက်ခတ်ခဲ့ပါတယ်။

ဆူနာမီကြောင့် လူပေါင်း ၂၂၀,၀၀၀ ကျော် သေဆုံးခဲ့ရတဲ့ နှစ် ၂၀ ပြည့် အောက်မေ့ဖွယ် အခမ်းအနားတွေကို ဒီကနေ့ ဒီဇင်ဘာ ၂၆ ရက်မှာ ထိုင်းနိုင်ငံအပါအဝင် အာရှတဝန်း ထိခိုက်ခံစားခဲ့ရတဲ့ နိုင်ငံတွေမှာ ကျင်းပကြတာပါ။

ထိုင်းနိုင်ငံမှာလည်း  ဆူနာမီကြောင့် ထောင်နဲ့ချီတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေ အပါအဝင် လူပေါင်း ၅,၀၀၀ ကျော် သေဆုံးခဲ့ရပြီး ဆိုမာလီယာနိုင်ငံမှာ လူ ၃၀၀ နီးပါး သေဆုံးခဲ့သလို မော်လဒိုက်မှာ လူ ၁၀၀ ကျော်၊ မလေးရှားနဲ့ မြန်မာနိုင်ငံမှာလည်း လူဒါဇင်ချီ သေဆုံးခဲ့ရပါတယ်။
ဒီဖြစ်ရပ်ကြောင့် တချို့က မိသားစုဝင်တွေနဲ့ သေကွဲ ကွဲခဲ့ရသလို တချို့ ပျောက်ဆုံးသွားသူတွေကိုလည်း ဒီကနေ့အထိ ပြန်မတွေ့တဲ့ ဖြစ်ရပ်တွေ ရှိခဲ့ပါတယ်။

ဆူနာမီကြောင့် မိခင်ဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့ မဆွေဆွေမြင့်ကတော့ ဒီလိုနေ့ရောက်တိုင်း သူ့ရဲ့ ဆုံးရှုံးမှုတွေကို အသစ်တခါ ပြန်ခံစားနေရဆဲပါ။

မဆွေဆွေမြင့်က “ဆူနာမီနှစ်ပတ်လည်ဆိုတာက မနေ့တနေ့ကလိုပဲ ဖြစ်နေတာ။ ဒါပေမဲ့ အခုချိန်မှာတော့ တော်တော်လေးကို ခံစားရခက်တာပေါ့နော်၊ ရင်ထဲမှာဆို့တာတို့၊ တဖက်မှာကျတော့ ကိုယ့်စိတ်ကိုယ်လည်း ပြင်ပြီးတော့ ဖြေဖျောက်တယ်။ ငါ ကောင်းမှုကုသိုလ်လုပ်ခဲ့တယ်၊ ငါလုပ်နိုင်တယ်၊ အမေ တမလွန်ကနေပြီးတော့ မြင်နိုင်မှာ သာဓုခေါ်နိုင်မှာ” လို့ ပြောပါတယ်။

ဒီကနေ့မှာတော့ မဆွေဆွေမြင့်ဟာ ဆုံးပါးသွားတဲ့ သူ့မိခင်အတွက် ကောင်းမှုကုသိုလ်တွေ ပြုလုပ်ခဲ့ပါတယ်။

အလားတူပဲ  ဆူနာမီအတွင်း သေဆုံးခဲ့ကြသူတွေအတွက် အောက်မေ့ပွဲ အခမ်းအနားတခုကိုလည်း ဒီကနေ့  ထိုင်းနိုင်ငံ ခေါင်လတ်ကမ်းခြေမှာ ကျင်းပခဲ့ပါတယ်။

ဒီအခမ်းအနားမှာတော့ ဘာသာပေါင်းစုံက ဘာသာရေးခေါင်းဆောင်တွေ တက်ရောက်ကာ ဝတ်ပြုဆုတောင်းခဲ့ကြသလို သေဆုံးခဲ့ကြသူတွေရဲ့ မိသားစုဝင်တွေကလည်း နိုင်ငံတကာကနေ လာရောက်ပြီး လွမ်းသူ့ပန်းခြင်းချတဲ့ အစီအစဉ်တွေ ပြုလုပ်ခဲ့ကြပါတယ်။

FED ဖောင်ဒေးရှင်းတာဝန်ခံ ဦးထူးချစ်က “နှစ် ၂၀ ပြည့်ဆိုတော့ တော်တော်လေးကို ကြီးကြီးကျယ်ကျယ်လုပ်တာ တွေ့ရတယ်။ အဓိက ဘာသာပေါင်းစုံ ဘာသာရေးခေါင်းဆောင်တွေ လာပြီး ဝတ်ပြုဆုတောင်းတာတွေ လုပ်တယ်။ နောက် သူတို့ရဲ့ ဆုံးရှုံးသွားတဲ့ နိုင်ငံတကာက မိသားစုဝင်တွေရော ထိုင်းလူမျိုးတွေရော လာပြီးတော့ လွမ်းဆွတ်တယ်၊ လွမ်းသူ့ပန်းခြင်းတွေ ချတယ်။ ဆူနာမီမှာ မိဘ ညီအစ်ကိုမောင်နှမ ဇနီးသားမယားတွေ ဆုံးရှုံးသွားတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အနေနဲ့ကတော့ သူတို့ရဲ့ မိသားစုဝင်တွေအတွက် အလှူအတန်းတွေ လုပ်ကြတာ တွေ့ရတယ်” လို့ ပြောပါတယ်။

ဦးထူးချစ်က ဆူနာမီဖြစ်ခဲ့တဲ့ အချိန်ကစပြီး ဒီကနေ့အထိ အဲဒီဒေသမှာရှိတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအရေးကို ကူညီဆောင်ရွက်ပေးနေသူ ဖြစ်ပါတယ်။

ဆူနာမီအပြီးမှာ မြန်မာရွှေ့ပြောင်းလုပ်သား ၂,၅၀၀ ကျော်ကို မိသားစုဝင်တွေ ဆုံးရှုံးခဲ့ရတဲ့ ကြားကပဲ ထိုင်းအစိုးရက ဖမ်းဆီးကာ မြန်မာပြည် ပြန်ပို့ခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ ခေါင်လတ်ဒေသက မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ ဒေသခံတွေနဲ့ ထိုင်းအာဏာပိုင်တွေရဲ့  ငဲ့ညှာမှုကို အထိုက်အလျောက် ရရှိနေခဲ့ပါပြီ။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပိုများလာတဲ့ မြန်မာလုပ်သားတွေနဲ့အတူ အလုပ်သမားအရေး လှုပ်ရှားသူတွေကလည်း ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးတွေအတွက် အားစိုက် လုပ်ဆောင်နေကြဆဲ ဖြစ်ပါတယ်။

သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာရင် သေဆုံးမှုတွေ နည်းပါးအောင် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားဖို့ကို မြန်မာရွှေ့ပြောင်းအလုပ်သမားတွေက ဆန္ဒရှိနေကြပါတယ်။

ဒီလိုပြင်ဆင်မှုတွေကို ဆူနာမီ ဖြစ်ပြီးနောက် လုပ်ဆောင်ကြပေမဲ့ အခုနောက်ပိုင်းမှာတော့ အားနည်းသွားပြီလို့ ဆူနာမီအတွင်းမှာ မိခင်ဖြစ်သူကို ဆုံးရှုံးခဲ့ရတဲ့  မဆွေဆွေမြင့်က ပြောပါတယ်။

“သဘာဝဘေးအန္တရာယ်ဆိုတာက ကျမတို့ မမြင်ရတဲ့ အရာပေါ့နော်၊ သဘာဝဘေးအန္တရာယ် ဖြစ်လာရင် ဘာတွေပြင်ဆင်ရမလဲ၊ နံပါတ် ၁ အရေးကြီးတဲ့ စာရွက်စာတမ်း အထောက်အထားပေါ့နော်၊  နံပါတ် ၂ အချက်ကတော့ သတ်မှတ်ထားတဲ့ဟာပေါ့နော်၊ သဘာဝဘေးအန္တရာယ် လာပြီဆိုရင်တော့ အသံတခုခုပေါ့နော်။ ဒီအချက်ပေးသံ တခုခုဆိုရင်တော့ သဘာဝဘေးအန္တရာယ်ထဲ ကျရောက်နေပြီး ကြိုတင်ပြီးတော့ လေ့ကျင့်ပေးထားမယ်ဆိုရင် များသောအားဖြင့် ကာကွယ်နိုင်လိမ့်မယ်လို့ ယူဆပါတယ်။”

လက်ရှိ ခေါင်လတ်ဒေသမှာ ဆူနာမီဖြစ်ရပ်အပြီး ကျန်ရစ်တဲ့ မြန်မာအလုပ်သမားတွေ ဆက်လက် ရှိနေကြဆဲ ဖြစ်သလို ထပ်မံအသစ်ရောက်လာသူတွေနဲ့ ပေါင်းရင် မြန်မာအလုပ်သမားတွေ သိန်းနဲ့ချီ ရှိနေပါတယ်။

ဆူနာမီ ဖြစ်ရပ်ဆိုးဟာ နှစ်ပေါင်း ၂၀ ကြာမြင့်ခဲ့ပေမဲ့ သားသမီး၊ မိဘတွေနဲ့‌ ဆွေမျိုးသားချင်းတွေ ဆုံးရှုံးခဲ့ကြရသူတွေကတော့ ဒီဖြစ်ရပ်ဆိုးကို စိတ်ထိခိုက် အမှတ်ရနေကြဆဲ ဖြစ်ပါတယ်။

သီရိ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024