ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့တဲ့ Golden Colour Fashion အထည်ချုပ်စက်ရုံရဲ့ ပိုင်ရှင်ဖြစ်တဲ့ တရုတ်နိုင်ငံသားကို ဥပဒေကြောင်းအရ တရားစွဲဆိုသွားမယ်လို့ ကာယကံအလုပ်သမားဖြစ်တဲ့ မခင်သူဇာအောင်က ပြောပါတယ်။
ဒီဇင်ဘာ ၂၀ ရက်က အလုပ်ကိစ္စနဲ့ ပုံမှန်အတိုင်း HR ရုံးခန်းထဲဝင်ရောက်ချိန်မှာ မန်နေဂျာဖြစ်သူက ဝင်မလာဖို့ပြောရာမှ အချင်းများခဲ့ပြီး တရုတ်နိုင်ငံသား အလုပ်ရှင်ရောက်လာကာ အော်ဟစ်ပြောဆိုတာ၊ ဆောင့်ဆွဲတာ၊ ရုံးခန်းပြင်ပကို ဆွဲခေါ်တာမျိုးနဲ့ ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တာလို့ ပြောပါတယ်။
အဲဒီလိုပြုလုပ်တဲ့အပေါ် အင်းစိန်မြို့နယ် အလုပ်သမားညွှန်ကြားရေးဦးစီးဌာဆီ သွားရောက်တိုင်တန်းခဲ့ပေမဲ့ ထိရောက်တဲ့ အရေးယူပေးတာမျိုးမရှိတဲ့အပြင် မခင်သူဇာအောင်ကို ဒီဇင်ဘာ ၂၇ ရက်မှာ စက်ရုံက အလုပ်ထုတ်လိုက်တယ်လို့ သိရပါတယ်။
ကာယကံရှင် မခင်သူဇာအောင်က “ကိုယ်ထိလက်ရောက်ကျူးလွန်ခံရတာ၊ နစ်နာတာတွေအတွက် တရားရင်ဆိုင်သွားမယ်။ စက်ရုံဘက်က တဖက်သတ် စွပ်စွဲပြောဆိုတာတွေလည်းရှိတယ်။ အမှန်တရားအတွက် ဥပဒေကြောင်းအတိုင်းသွားမယ်” လို့ ပြောပါတယ်။
မခင်သူဇာအောင်ကို အလုပ်ကထုတ်ကြောင်း ရုံးတွင်းစာကိုလည်း စက်ရုံမှာကပ်ထားပြီး အဲဒီစာထဲမှာ သူက စက်ရုံတာဝန်ခံ (ပိုင်ရှင်) ကို ကိုယ်ထိလက်ရောက်တွန်းထုတ်၊ ဆောင့်ဆွဲတာတွေ လုပ်တယ်လို့ မဟုတ်မမှန် ရေးသားထားသလို နစ်နာကြေးပေးဖို့မရှိဘဲ အလုပ်ကထုတ်ကြောင်းနဲ့ စက်ရုံတာဝန်ခံက ဂရုဏာကြေးအနေနဲ့ ၂ လစာပေးမယ့်အကြောင်း ဖော်ပြထားတယ်လို့ ဆိုပါတယ်။
အဲဒီလိုစက်ရုံက ပေးတဲ့ ကရုဏာကြေးကိုလည်း လက်ခံရယူမှာမဟုတ်သလို မတရားအလုပ်ထုတ်ခံရတာနဲ့ပတ်သက်ပြီးလည်း လက်မခံဘူးလို့ သူက ပြောပါတယ်။
ဒါ့အပြင် မခင်သူဇာအောင်အနေနဲ့ စက်ရုံနဲ့စက်ရုံတာဝန်ခံတို့ ဂုဏ်သိက္ခာကျဆင်းအောင် Facebook အစရှိတဲ့ လူမှုကွန်ရက်စာမျက်နှာတွေကနေ ရေးသားတာတွေ့ရှိရင် မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေတွေအရ အရေးယူသွားမယ်လို့ အလုပ်ထုတ်တဲ့ ရုံးတွင်းစာမှာ ဖော်ပြထားပါတယ်။
အဲဒီလို စက်ရုံပိုင်ရှင်မှ အလုပ်သမားအမျိုးသမီးကို ကိုယ်ထိလက်ရောက်ကျူးလွန်ပြီး အလုပ်ထုတ်တဲ့အပေါ် လက်မခံနိုင်ကြောင်းနဲ့ နစ်နာတဲ့ အလုပ်သမားဘက်ကနေ လိုအပ်တာ ကူညီပေးသွားမယ်လို့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (STUM) တာဝန်ရှိသူတယောက်က ပြောပါတယ်။
Golden Colour Fashion အထည်ချုပ်စက်ရုံကို အင်းစိန်မြို့နယ်မှာ ဖွင့်လှစ်ထားတာဖြစ်ပြီး အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေနဲ့ပတ်သက်လို့ မကြာခဏပြဿနာဖြစ်လေ့ရှိသလို အလုပ်သမားသမဂ္ဂဖွဲ့စည်းခွင့်ကို တားဆီးတဲ့ဖြစ်ရပ်တွေရှိခဲ့တယ်လို့ STUM ဆီက သိရပါတယ်။