
ဘရာဇီးနိုင်ငံ တိုကန်ချင်စ်မြစ်ထဲမှာ မြစ်ကူးတံတားကြီး ပြိုကျသွားခဲ့ပြီးနောက် ရေအောက်ရှာဖွေရေးတွေ ဆက်လုပ်ဆောင်ခဲ့တာကြောင့် မြစ်ထဲမှ ရုပ်အလောင်း ၂ လောင်း ထပ်မံတွေ့ရှိခဲ့ပြီးနောက်မှာ ဒီဇင်ဘာလ ၂၆ ရက် အထိ သေဆုံးသူဦးရေ ၈ ယောက်အထိ ရှိလာပြီလို့ ဘရာဇီးရေတပ်က ပြောပါတယ်။
ရေအောက်ကယ်ဆယ်ရေးအဖွဲ့တွေဟာ ဒီဇင်ဘာ ၂၅ ရက် ဗုဒ္ဓဟူးနေ့မှာ သေဆုံးသူ ၂ ယောက်ကို ပြန်တွေ့ရှိခဲ့ပြီး လူ ၉ ယောက် ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။
ရေငုပ်သမားတွေဟာ သေဆုံးသူတွေရဲ့ အလောင်းတွေကို ပြန်ဆယ်ယူဖို့ ဗုဒ္ဓဟူးနေ့နဲ့ ကြာသပတေးနေ့တွေမှာ ရေထဲ ဒိုင်ဗင်ထိုးဆင်း ရှာဖွေခဲ့ပုံတွေကို ဒေသမီးသတ်ဌာနမှ ဓာတ်ပုံတွေ မျှဝေထားပါတယ်။
မာရန်ငေါင်းပြည်နယ်ရှိ အစ္စထရေးတိုမြို့နဲ့ တိုကန်ချင်စ်ပြည်နယ်ရှိ အာဂီယားနောပိုလိစ်မြို့တို့ကို ဆက်သွယ်ထားတဲ့ ၅၃၃ မီတာ ရှည်လျားတဲ့ မြစ်ကူးတံတားကြီးဟာ ဒီဇင်ဘာ ၂၂ ရက် တနင်္ဂနွေနေ့က မြစ်ပေါ်မှာ မော်တော်ကားတွေ ဖြတ်ကူးနေတုန်း တံတားအလယ်ပိုင်း ကျိုးပြတ်ကျခဲ့တာ ဖြစ်ပါတယ်။
တိုကန်ချင်စ် မြစ်ထဲကို ဆာလဖျူရစ်အက်စစ် သယ်ဆောင်လာတဲ့ ယာဉ် ၂ စီး နဲ့ စိုက်ပျိုးရေးသုံး ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးတွေ တင်ဆောင်လာတဲ့ ထရပ်ကားတွေလည်း ထိုးကျခဲ့တာကြောင့် အာဏာပိုင်တွေဟာ ရေညစ်ညမ်းမှုအန္တရာယ်ကို အကဲဖြတ်ခဲ့ပြီး အမျိုးသား ရေနဲ့ သန့်ရှင်းရေးအေဂျင်စီမှ ဆက်တိုက်လေ့လာမှုတွေ ပြုလုပ်ခဲ့ပြီးနောက်မှာ ရေတွေ ဘေးကင်းကြောင်း တွေ့ရှိခဲ့တယ်လို့ မာရန်ငေါင်း ပြည်နယ်အုပ်ချုပ်ရေးမှူး ကားလော့စ် ဘရန်ဒေါင်က ပြောပါတယ်။
ရေအောက်မှာ တွေ့ရှိခဲ့ရပြီး အဲဒီမှာ သေဆုံးသူ ၂ ယောက်ကို တွေ့ရှိရပေမဲ့ သူတို့ဆီကို ရောက်နိုင်ဖို့ ခက်ခဲပြီး ဒီအလောင်းတွေကို ဆယ်ယူဖို့ ခက်ခဲလိမ့်မယ်လို့ ဒုဗိုလ်မှူးကြီး ရာဖှဲလ် မင်းနေဇိစ်က ပြောပါတယ်။ ဒါပေမဲ့ သူတို့ကို ဖယ်ရှားနိုင်ဖို့ နည်းဗျူဟာကို ကြံဆနိုင်ပါပြီလို့လည်း ဆိုပါတယ်။
Source: Reuters