Home
နိုင်ငံတကာ
ဘရာဇီးတွင် မြစ်ကူးတံတားပြိုကျပြီး လူ ၄ ဦး သေဆုံး၊ ၁၄ ဦး ပျောက်ဆုံးနေ
DVB
·
December 25, 2024
Photo: REUTERS/Mauricio Marinho

ဘရာဇီးနိုင်ငံ အရှေ့မြောက်ပိုင်းရှိ မားရန်ငေါင်းပြည်နယ်မှာ ဒီဇင်ဘာ ၂၂ ရက်က မြစ်ကူးတံတားကြီး ပြိုကျခဲ့ချိန် တံတားပေါ် မောင်းနှင်သွားလာနေတဲ့ မော်တော်ယာဉ်တွေနဲ့ လူတွေ မြစ်ထဲပြုတ်ကျခဲ့လို့ လူ ၄ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။

အစ္စရေတိုမြို့နဲ့ တိုကာချင်းန်စ်ပြည်နယ်က အာဂီယားနော် ပိုလစ်မြို့တို့ကို ဆက်သွယ်ထားတဲ့ အရှည် ၅၃၃ မီတာရှိတဲ့ တံတားကြီးရဲ့ အလယ်ပိုင်း ကျိုးကျခဲ့တာပါ။

ဒီဇင်ဘာ ၂၄ ရက်မှာ ကယ်ဆယ်ရေးအဖွဲ့တွေက ဘေးသင့်ခဲ့သူတွေကို ရှာဖွေခဲ့ရာမှာ ရုပ်အလောင်း ၄ လောင်းကို တွေ့ရှိထားကြောင်း အာဏာပိုင်တွေက အတည်ပြုထားပြီး ၁၄ ယောက်မှာ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

ကယ်ဆယ်ရေးရေငုပ်သမား ၂၅ ယောက်ဟာ တိုကာချင်းန်စ် မြစ်ကြမ်းပြင်က ဘေးသင့်သူတွေကို ဆယ်ယူတင်နိုင်ဖို့အတွက် ရှာဖွေရေးမစ်ရှင်တွေ မစတင်ခင်မှာ ရေထဲငုပ်နိုင်ဖို့ ဘေးကင်းကြောင်း အတည်ပြုချက်ကို သိပ္ပံပညာရှင်တွေဆီက စောင့်ဆိုင်းရသေးကြောင်း မီးသတ်တပ်ဖွဲ့မှူးကြီး မာဂ်နမ် ကိုးလိဟိုက ပြောပါတယ်။

ဆာလဖျူရစ်အက်ဆစ်နဲ့ စိုက်ပျိုးရေးပိုးသတ်ဆေးတွေ တင်ဆောင်လာတဲ့ ထရပ်ကားတွေလည်း တိုကာချင်းန်စ်မြစ်ထဲကို ထိုးကျခဲ့တာကြောင့် မြစ်ရေကို သုံးစွဲနေကြတဲ့ တချို့မြို့တွေဟာ မြစ်ရေ ညစ်ညမ်းမှာကို စိုးရိမ်နေကြတာကြောင့် ကျွမ်းကျင်သူတွေဟာ ရေထုကို သေသေချာချာ စမ်းသပ်နေတယ်လို့ မားရန်ငေါင်း ပြည်နယ်အုပ်ချုပ်ရေးမှူး ကားလော့စ် ဘရန်ဒေါင်က ပြောပါတယ်။

ရေထုညစ်ညမ်းမှုနဲ့ ပတ်သက်ပြီး နောက်ဆုံး ခွဲခြမ်းစိတ်ဖြာမှု ရလဒ်တွေ မရသေးပေမဲ့ ကနဦးစမ်းသပ်ချက်တွေအရ မြစ်ရဲ့ pH အဆင့်ဟာ ပုံမှန်သတ်မှတ်ချက်တွေ အတွင်းမှာပဲ ရှိနေကြောင်း ညွှန်ပြခဲ့ပါတယ်။

pH အဆင့် ဆိုတာဟာ ရေထုထဲမှာ အယ်လ်ကာလီနဲ့ အက်ဆစ် ပါဝင်နှုန်းတွေ၊ ဟိုက်ဒရိုဂျင် ပါဝင်နှုန်းကို ပမာဏ တွက်ချက်ရတာ ဖြစ်ပါတယ်။

ဒီတံတားဟာ စားနပ်ရိက္ခာလို မရှိမဖြစ်လိုအပ်တဲ့ ကုန်ပစ္စည်းတွေကို သယ်ယူပို့ဆောင်ရေးမှာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်နေပြီး အလုပ်သမားများစွာအတွက် အဓိက သွားရေးလာရေး လမ်းကြောင်းလည်း ဖြစ်တာကြောင့် တံတား ပြန်မဆောက်ရသေးမချင်း နေထိုင်စားသောက်စရိတ်တွေ မြင့်တက်လာနိုင်တာကို စိုးရိမ်ကြောင်း ဒေသခံတွေက ပြောပါတယ်။ လောလောဆယ်တော့ မြစ်ကို လှေနဲ့ပဲ ဖြတ်ကူးနေရကြောင်းလည်း ဆိုပါတယ်။

ဘရာဇီး ဖက်ဒရယ်အစိုးရက ဒီဘေးအန္တရာယ်ကို တုံ့ပြန်တဲ့အနေနဲ့ အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး ဘယ်လိမ်-ဘရားဇီလီယာ အဝေးပြေးလမ်းမကြီးရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းဖြစ်တဲ့ ယူစယ်လီနို ကူဘစ်ရှက်ကီ တံတားကို ပြန်လည်တည်ဆောက်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013