မန္တလေး၊ ချမ်းအေးသာဇံမြို့နယ်၊ ၃၂ လမ်းနဲ့ ၃၃ လမ်းကြား၊ ၇၇ လမ်းမပေါ်ရှိ နဂါးနန်းတော်ရွှေဆိုင်ကို ဒီဇင်ဘာ ၂၆ ရက် မနက်ပိုင်းက ဓားပြတိုက်ခံခဲ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဒိုင်းမွန်းပလာဇာဘက်ကနေ ၇၇ လမ်းအတိုင်း ဆိုင်ကယ်မောင်းနှင်လာတဲ့ လူ ၂ ယောက်ဟာ ဆိုင်ဖွင့်ခါစမှာပဲ ဆိုင်ထဲက ရွှေထည်ပစ္စည်း ခန့်မှန်း ၁ ပိဿာကျော်ကို သေနတ် ၂ လက်နဲ့ ခြိမ်းခြောက်လုယက် ယူဆောင်သွားခဲ့တာပါ။
မြို့ခံတယောက်က “ရဲတွေရော စစ်သားတွေရော ရောက်လာမှ ဓားပြမှုမှန်းသိတာ။ ပလာဇာရော ocean ရော ရှိတယ်။ မြို့လယ်ကောင်မှာ ပေါ်တင်ကို ဖြစ်နေတာ။ နည်းနည်းစောတယ်၊ မနက် ၈ ခွဲနဲ့ ၉ နာရီကြားလောက်မှာ” လို့ ပြောပါတယ်။
ဓားပြတိုက်ခံရချိန်ဟာ ဆိုင်ကယ်စီး အမျိုးသမီးနဲ့ ဝန်ထမ်းအပါ အားလုံး ၇ ယောက် ရှိနေတာဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိမှုတော့ မရှိဘူးလို့ သိရပါတယ်။
၇၇ လမ်းအတိုင်း မန္တလေးဘူတာကြီးဘက်ကို ဓားပြတွေ မောင်းနှင်ထွက်ပြေးသွားပြီးနောက်မှာတော့ ကင်းလှည့်နေတဲ့ စစ်ကောင်စီရဲကားတွေ ရောက်ရှိစစ်ဆေးခဲ့ကြပါတယ်။
လုယက်ပစ္စည်းအသေးစိတ်နဲ့ ဓားပြတိုက်ခံရမှုနဲ့ ပတ်သက်လို့ နဂါးနန်းတော် ရတနာရွှေဆိုင်ကို ဖုန်းဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေကြားပေးနိုင်ခြင်းတော့ မရှိပါဘူး။
ဒီဇင်ဘာလအတွင်း မန္တလေးမှာ ၁၈ ရက်က အကယ်ဒမီရွှေဆိုင်၊ ၂၄ ရက်က ဆင်ဖြူတော်ငွေလွှဲဆိုင်နဲ့ ဆရာဝန်တယောက် ပြန်ပေးဆွဲ သတ်ဖြတ်ခံရမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
ဒီဇင်ဘာ ၂၆ ရက် မနက် ၈ နာရီခွဲလောက်ကလည်း ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ဆရာစံမြောက်အရှေ့ရပ်ကွက်မှာ AK စတိုးဆိုင်ပိုင်ရှင် အမျိုးသမီးတယောက် ဆွဲကြိုးဖြတ် ဓားထိုးခံရပြီး သေဆုံးခဲ့ပါတယ်။