ရန်ကုန်မြို့မှာ ပေါ်တာဆွဲတဲ့သတင်းတွေကြောင့် ညဘက်မှာ ဖွင့်လှစ်ရောင်းချတဲ့ အစားအသောက်ဆိုင်တွေ အရောင်းပါးသွားတယ်လို့ ကာယကံရှင်တွေဆီက သိရပါတယ်။
ညဘက်မှာ အသွားအလာနည်းလာတာကြောင့် ညပိုင်းအဓိကရောင်းတဲ့ ထမင်းကြော်ဆိုင်လို အစားအသောက် အရောင်းဆိုင်တွေ ရောင်းအားကျသွားတာလို့ ဆိုပါတယ်။
တောင်ဥက္ကလာပမြို့နယ်မှ လမ်းဘေးအကင်ဆိုင်ဖွင့်သူတယောက်က “အရင်လောက် အသွားအလာ သိပ်မရှိတော့ ရောင်းအားကျတယ်။ တချို့ဆို ဆိုင်ပါ မဖွင့်တော့ဘူး။ လူငယ်တွေပဲ အဓိကစားကြတာလေ။ အခု လမ်းပေါ် သိပ်မထွက်ကြတော့ဘူး” လို့ ပြောပါတယ်။
သင်္ဃန်းကျွန်းမြို့နယ်မှ စားသောက်ဆိုင်ဖွင့်ထားသူတယောက်ကလည်း ညပိုင်းရောင်းအား သိသိသာသာ ကျသွားတယ်လို့ ဆိုပါတယ်။
“ည ၈ နာရီလောက်ဆို ဆိုင်မှာ လူသိပ်မကျန်တော့ဘူး။ တချို့တွေကြ စောလာတယ်၊ စောပြန်တယ်။ ဆိုင်ကြီးတွေတော့ မပြောတတ်ဘူး၊ ကိုယ်တွေဆိုင်ကတော့ အရောင်းကျတယ်။”
စစ်ကောင်စီက နိုင်ငံတဝန်း စစ်မျက်နှာဖွင့်ထားရသလို စစ်ရှုံးတာတွေ ဆက်တိုက်ရှိနေတာကြောင့် စစ်သားလိုအပ်ချက် မြင့်မားနေတယ်လို့ စစ်ရေးအကဲခတ်တွေက ဆိုပါတယ်။
လက်ရှိမှာလည်း ပြည်သူ့စစ်မှုထမ်း အပတ်စဥ် ၈ အထိ ဖွင့်ထားပြီး စစ်သင်တန်းပေးကာ သင်တန်းဆင်းသူတွေကို ရှေ့တန်းပို့တာ၊ နောက် လိုအပ်တဲ့ စစ်သားအင်အားအတွက် အသည်းအသန် စုဆောင်းတာတွေ လုပ်နေတာလည်း ဖြစ်ပါတယ်။