Home
မြန်မာသတင်း
AA က အစိုးရမဟုတ်သည့်အတွက် နယ်စပ်ပြဿနာညှိနှိုင်းရန် မဖြစ်နိုင်ဟု ဘင်္ဂလားဒေ့ရှ်ပြော
DVB
·
December 24, 2024
Photo: UNB

ဘင်္ဂလားရှ်-မြန်မာနယ်စပ်ကို အပြည့်အဝ ထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော် (AA)ဟာ အစိုးရမဟုတ်တဲ့အတွက် ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ နယ်စပ်မှာဖြစ်ပေါ်နေတဲ့ အကျပ်အတည်းတွေကို တွေ့ဆုံညှိနှိုင်းဖြေရှင်းဖို့ မဖြစ်နိုင်ဘူးလို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး အကြံပေးက ပြောလိုက်ပါတယ်။

မြန်မာနယ်စပ်ဟာ စစ်ကောင်စီထိန်းချုပ်မှုအောက်မှာ မရှိတော့ကြောင်းကိုလည်း တရားဝင် အသိပေးထားပြီးဖြစ်သလို AA နဲ့ တွေ့ဆုံဖို့ကလည်း နိုင်ငံတခုဖြစ်နေတာကြောင့် လောလောဆယ် မဖြစ်နိုင်သေးဘူးလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ နိုင်ငံခြားရေးအကြံပေး အမ်ဒီတူဟစ်ဟော့စိန်က ဒီဇင်ဘာ ၂၂ ရက်က မြို့တော်ဒါကာမှာ သတင်းထောက်တွေကို ပြောကြားလိုက်တာပါ။

“မြန်မာနယ်စပ်ဟာ သူတို့(စစ်ကောင်စီ) လက်အောက်မှာ မရှိတော့ဘူးဆိုတာ အကြောင်းကြားထားပြီး ဖြစ်တယ်။ နယ်စပ်ကို AA က ထိန်းချုပ်ထားပြီဖြစ်တယ်။ ကျနော်တို့က နိုင်ငံတခုဖြစ်တာကြောင့် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းနဲ့ နယ်စပ်ပြဿနာတွေကို တွေဆုံဆွေးနွေးဖို့က မဖြစ်နိုင်ဘူး။”

စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးကတော့ ရခိုင်-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကို သူတို့ထိန်းချုပ်ဖို့ ကြိုးစားနေတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို အသိပေးထားတယ်လို့ သိရပါတယ်။

ရခိုင်နဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက်လုံးဟာ ဒီဇင်ဘာလအတွင်းမှာ အာရက္ခတပ်တော်ရဲ့ ထိန်းချုပ်မှုအောက်ကို အလုံးစုံရောက်ရှိခဲ့တာ ဖြစ်တာကြောင့် ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ဖို့ကလည်း  အခြေအနေ ရှုပ်ထွေးမှုတွေ ရှိနေတယ်လို့လည်း နိုင်ငံခြားရေးအကြံပေးက ထပ်မံပြောကြားလိုက်ပါတယ်။

၂၀၁၇ ကတည်းက ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာတွေနဲ့ လက်ရှိ ရခိုင်တိုက်ပွဲတွေကြောင့် ထွက်ပြေးလာကြရတဲ့ ရိုဟင်ဂျာ အရေအတွက်ဟာ ၁၂ သိန်းကျော်အထိ ရှိလာပြီလို့လည်း ဘင်္ဂလားဒေ့ရှ်အစိုးရက ပြောထားပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရအနဲ့ AA ကို အသိအမှတ်မပြုသရွေ့ မွတ်ဆလင်ပြဿနာ ဖြေရှင်းနိုင်မှာ မဟုတ်သလို နယ်စပ်လုံခြုံရေးကိစ္စတွေ ဆောင်ရွက်ရာမှာလည်း အဟန့်အတားတွေ ရင်ဆိုင်ရနိုင်တယ်လို့ ရခိုင် စစ်ရေး၊ နိုင်ငံရေး အကဲခတ်တယောက်က ပြောပါတယ်။

“ဘင်္ဂလားဘက်က AA ကို အစိုးရမဟုတ်တဲ့အတွက် အသိအမှတ် မပြုနိုင်ဘူးဆိုရင် သူတို့နိုင်ငံကို ရောက်ရှိနေတဲ့ မွတ်ဆလင်တွေ နေရပ်ပြန်ရေးကလည်း ဖြေရှင်းနိုင်ဖို့ အလှမ်းဝေးနေဦးမှာ ဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ရခိုင်ပြည်ရဲ့အစိုးရက ULA/AA ဖြစ်နေတာကြောင့် သူတို့သဘောတူချက်မရဘဲ စစ်ကောင်စီက ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူးဆိုတာ  ဘင်္ဂလားအစိုးရအနေနဲ့ သိထားဖို့ လိုအပ်တယ်။ နောက် နယ်စပ်လုံခြုံရေးကိစ္စတွေမှာလည်း AA နဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိဘူးဆိုရင် ဘင်္ဂလားဒေ့ရှ်အစိုးရအတွက်လည်း စိန်ခေါ်မှုတွေ ရှိလာမှာဖြစ်တယ်။”

ရခိုင်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ဟာ နယ်စပ်ထိစပ်မှု ၁၆၈ မိုင်အထိ ရှိနေတာဖြစ်ပြီး နယ်စပ်ကုန်သွယ်ရေးနဲ့ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုအတွက် အရေးပါတဲ့ နယ်စပ်တွေလည်း ဖြစ်ကြပါတယ်။

အာရက္ခတပ်တော်ဟာ ရခိုင်ပြည်နယ်က မြို့နယ် ၁၃ ခုနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကို သိမ်းပိုက်ထားပြီး ရခိုင်ပြည်နယ် တခုလုံးကိုလည်း သိမ်းပိုက်သွားမယ်လို့ AA က တရားဝင် ပြောဆိုထားပြီးဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ULA အခွန်တံဆိပ်ရိုက်နှိပ်ထားတဲ့ ဆန်တင်သွင်းမှုတွေကိုလည်း ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က လက်ခံမှုမရှိဘဲ ငြင်းပယ်လိုက်တာတွေလည်း ရှိခဲ့ပါတယ်။

Ref: The Daily Star

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013