ယီမင်မြို့တော် စာနာမှာ ရှိတဲ့ အီရန်ကျောထောက်နောက်ခံပြု ဟူသီတွေစီမံကွပ်ကဲနေတဲ့ ဒုံးကျည်သိုလှောင်ရုံနဲ့ ကွပ်ကဲမှုထိန်းချုပ်ရေးအဆောက်အအုံကို ဒီဇင်ဘာ ၂၁ ရက်မှာ လေကြောင်းကနေ အတိအကျ တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန်စစ်တပ်က ပြောပါတယ်။
ပင်လယ်နီတောင်ပိုင်း ဘက်ဘ်အယ်လ် မန်းဒဘ်နဲ့ အေဒင်ပင်လယ်ကွေ့မှာရှိတဲ့ အမေရိကန် ရေတပ်က စစ်သင်္ဘောတွေနဲ့ ကုန်သည်သင်္ဘောတွေကို တိုက်ခိုက်နေတဲ့ ဟူသီတွေရဲ့ စစ်ဆင်ရေးတွေကို နှောင့်ယှက်ဖို့ ရည်ရွယ်လုပ်ဆောင်ခဲ့တာလို့ အမေရိကန်စစ်တပ်ရဲ့ ဗဟိုဌာနချုပ်က သတင်းထုတ်ပြန်ထားပါတယ်။
ဟူသီတွေရဲ့ တခါသုံး မောင်းသူမဲ့လေယာဉ်အများအပြားနဲ့ သင်္ဘောဖျက်ခရုဇ်ဒုံးကျည် တစ်စင်းကို ပင်လယ်နီထဲမှာ ပစ်ချခဲ့တယ်လို့လည်း အမေရိကန်စစ်တပ်က ပြောပါတယ်။
အမေရိကန်ပြည်ထောင်စု ဗဟိုဌာနချုပ် CENTCOM က ထုတ်ပြန်ပြီး တည်နေရာနဲ့ ဗီဒီယိုရိုက်ကူးတဲ့ ရက်စွဲကို သီးခြားအတည်မပြုနိုင်သေးတဲ့ ဗွီဒီယိုထဲမှာ စစ်လေယာဉ်တစီး ပျံတက်လာတာကို ပြထားပါတယ်။
စနေနေ့က တိုက်ခိုက်မှုဟာ လွန်ခဲ့တဲ့သီတင်းပတ်တုန်းက အလားတူတိုက်ခိုက်မှုလိုပဲ ယီမင်နိုင်ငံ နေရာအများအပြားကိုထိန်းချုပ်ထားတဲ့ ဟူသီတွေရဲ့ ကွပ်ကဲမှုနဲ့ ထိန်းချုပ်ရေးအဆောက်အအုံကို တိုက်ခိုက်ခဲ့တာပါ။
ကြာသပတေးနေ့မှာ အစ္စရေးက ယီမင်နိုင်ငံထဲက ဟူသီ ထိန်းချုပ်ထားတဲ့ အစိတ်အပိုင်းတွေက ဆိပ်ကမ်းတွေနဲ့ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံတွေကို တိုက်ခိုက်ခဲ့ပါသေးတယ်။
ယီမင်နိုင်ငံထဲက အီရန် ကျောထောက်နောက်ခံပြုအဖွဲ့ ဟူသီတွေဟာ ဂါဇာကမ်းမြောင်က ပါလက်စတိုင်းတွေနဲ့ အစ္စရေးတို့ရဲ့ တနှစ်တာစစ်ပွဲအတွင်း ပါလက်စတိုင်းတွေနဲ့ စည်းလုံးညီညွတ်မှုရှိတယ်လို့ပြောရင်း ပင်လယ်နီထဲက စီးပွားရေးဆိုင်ရာသင်္ဘောတွေကို ပိတ်ဆို့ တိုက်ခိုက်နေတာ အချိန်တနှစ်ကျော်ကြာနေပြီ ဖြစ်ပါတယ်။
Source: Reuters