Home
မြန်မာသတင်း
ရွေးကောက်ပွဲစောင့်ကြည့်ရန် အိမ်နီးချင်းနိုင်ငံများကို ဖိတ်မည်ဟု စစ်ကောင်စီဝန်ကြီးပြော
DVB
·
December 21, 2024
Photo-MOFA

မြန်မာအပါအဝင် အိမ်နီးချင်းနိုင်ငံ ၆ နိုင်ငံက တက်ရောက်ခဲ့ကြတဲ့ မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ၂ ရက်တာ ကျင်းပခဲ့ပါတယ်။

ဒီဇင်ဘာ ၁၉ နဲ့ ၂၀၊ နှစ်ရက်တာ ကျင်းပခဲ့တဲ့ ဒီဆွေးနွေးပွဲရဲ့ ပထမနေ့မှာတော့ လာအိုနဲ့ ထိုင်းနိုင်ငံတို့က နိုင်ငံခြားရေးဝန်ကြီးအဆင့် တက်ရောက်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယတို့ကတော့ နိုင်ငံခြားရေးဌာန အဆင့်မြင့် တာဝန်ရှိသူတွေကို စေလွှတ်ခဲ့တာဖြစ်ပါတယ်။

အဲဒီဆွေးနွေးပွဲမှာ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးက “မြန်မာနိုင်ငံခြားရေးဝန်ကြီးက လာမယ့်နှစ် ရွေးကောက်ပွဲ စီမံခန့်ခွဲရေးဆိုင်ရာ နိုင်ငံရေးအစီအမံတွေနဲ့ တိုးတက်မှုတွေအကြောင်း အိမ်နီးချင်းနိုင်ငံတွေကို ပြောကြားခဲ့ပါတယ်။ လူဦးရေသန်းခေါင်စာရင်းကောက်ယူပြီးစီးမှုနဲ့ နိုင်ငံရေးပါတီ ၅၃ ခုကလည်း ရွေးကောက်ပွဲဝင်ဖို့ မှတ်တမ်းတင်ထားပြီပြီလို့ ပြောခဲ့ပါတယ်။ သူက အိမ်နီးချင်းနိုင်ငံတွေ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတွေကို ဖိတ်ကြားဖို့လည်း ရည်ရွယ်ချက်ရှိနေပါတယ်”လို့ ပြောပါတယ်။

စစ်အုပ်စုရဲ့ ရွေးကောက်ပွဲအစီအစဉ်အပေါ် မြန်မာ့အိမ်နီးချင်းနိုင်ငံတွေရဲ့ တုံ့ပြန်မှုက အပြုသဘောဆောင်တယ်လို့လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောလိုက်သလို နိုင်ငံအားလုံးကအကျပ်အတည်းအတွက် လျင်မြန်တဲ့အဖြေကို လိုချင်ကြတယ်လို့လည်း ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။

Myanmar Political Affairs က Analyst David Mathieson က “USDP ပါတီဥက္ကဋ္ဌ ဦးခင်ရီရဲ့ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ဖို့တောင်းဆိုချက်ကို ပထမဆုံး တုံ့ပြန်တဲ့နိုင်ငံက ကမ္ဘောဒီးယား ဆိုကတည်းက တော်တော်ရယ်စရာကောင်းနေပါပြီ။ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ ကမ္ဘောဒီးယား ရွေးကောက်ပွဲဟာ လုံးဝအတုအယောင်ပါပဲ။ သူတို့က ဒီမိုကရေစီကို လုံးဝဆန့်ကျင်နေတာပါ။ ကမ္ဘောဒီးယားဆိုတာ အာဏာရှင်နိုင်ငံပါပဲ” လို့ ပြောပါတယ်။

မြန်မာစစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ပထမ ဆွေးနွေးပွဲကို တက်ရောက်ခဲ့ပြီး ညနေပိုင်းမှာပဲ မြန်မာနိုင်ငံကို ပြန်သွားခဲ့တာပါ။

ဒုတိယနေ့မှာ ဆက်လက်ကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအဆင့် တိုးချဲ့ အလွတ်သဘော ညှိနှိုင်းဆွေးနွေးပွဲမှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို ပြီးမြောက်အောင် အကောင်အထည်ဖော်နိုင်ရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတဲ့အကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

Myanmar Political Affairs က Analyst David Mathieson က “ဒီတွေ့ဆုံပွဲက အပြတခု သက်သက်ပါပဲ။ အာဆီယံအနေနဲ့ အနည်းဆုံးတော့ တခုခုလုပ်နေတာဆိုတာကို ပြသတာပါ။ ဒါပေမယ့် ဒါက ဒေသတွင်း သံခင်းတမန်ခင်းပျက်ကွက်မှုကို ပြသနေတယ်လို့ ကျနော်ထင်ပါတယ်။ စစ်တပ် တခါတည်း ဖယ်ရှားရေးကိစ္စအပေါ် တက်ကြွစွာဆွေးနွေးတာမျိုးမဟုတ်ဘူးဆိုရင် မြန်မာနိုင်ငံမှာ အပြောင်းအလဲရှာဖွေဖို့ဆိုတာ မဖြစ်နိုင်ပါဘူး” လို့ ပြောပါတယ်။

၂ နာရီကြာ ဒီဆွေးနွေးပွဲမှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီး နိုင်းမာရစ် ဆငဲမ်ဖုန်းနဲ့အတူ လာမယ့် ၂၀၂၅ ခုနှစ်မှာ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူမယ့် မလေးရှား၊ လက်ရှိဥက္ကဋ္ဌ လာအိုနိုင်ငံ၊ အရင်ဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံတို့က နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ မြန်မာ့အရေးနဲ့ပတ်သက်ပြီး မသေချာမရေရာတဲ့ အခြေအနေတွေကိုဖြေရှင်းဖို့ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေရဲ့ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ဖို့ လိုအပ်တဲ့အခြေအနေတွေကို ဆွေးနွေးပွဲ ၂ ခု စလုံးမှာ အာရုံစိုက်ထားတယ်လို့ ဆိုထားပါတယ်။

မြတ်သဇင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013