ရခိုင်ပြည်နယ် သံတွဲမြို့နဲ့ မောင်တောဒေသမှာ စစ်ကောင်စီတပ်တွေရဲ့ လေကြောင်းနဲ့ ရေကြောင်းက တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူတွေ ထိခိုက်ဒဏ်ရာရပြီး လူနေအိမ်တွေ ပျက်စီးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
သံတွဲမြို့ အမှတ် ၁ ရပ်ကွက်နဲ့ အမှတ် ၄ ရပ်ကွက်ကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၁၉ ရက် ည ၁၁ နာရီကျော်မှာ ဂျက်တိုက်လေယာဉ် ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး အသက်ကြီးပိုင်း အရပ်သား ၃ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြတာလို့ သံတွဲမြို့ခံတယောက်က ပြောပါတယ်။
“ည ၁၁ နာရီလောက်မှာ လေယာဉ် ၂ စီးနဲ့ တပြိုင်တည်း လာဗုံးကြဲတိုက်ခိုက်သွားတာ ဖြစ်တယ်။ အရပ်သားထိခိုက်သေဆုံးမှုတော့ မရှိဘူး။ အမှတ် ၁ ရပ်ကွက်က သက်ကြီးပိုင်း အမျိုးသားတဦးနဲ့ အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိသွားတယ်။ သံတွဲမှာ မကြာခဏဆိုသလို အရပ်သားတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်နေတာကြောင့်လည်း လူတွေက တော်တော်လေးကို ထိတ်လန့်နေကြတယ်။”
လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသွားသူတွေမှာ သံတွဲမြို့ အမှတ် ၁ ရပ်ကွက်က ဦးရဲအောင် (၆၃ နှစ်)၊ ဒေါ်အုန်းမြင့် (၈၅ နှစ်)၊ ဒေါ်တင်တင်ချို (၅၅ နှစ်) တို့ဖြစ်ကြပြီး လက်ရှိမှာ ဆေးကုသမှုခံယူနေကြရတယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် သံတွဲမြို့ အမှတ် ၁ ရပ်ကွက်က နေအိမ်တချို့နဲ့ အမှတ် ၄ ရပ်ကွက်က မြေစာရင်းရုံး အပါအဝင် နေအိမ်တချို့လည်း ထိခိုက်ပျက်စီးသွားပါတယ်။
ဒီဇင်ဘာ ၁၇ ရက်ကလည်း သံတွဲမြို့ အမှတ် ၇ ရပ်ကွက်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးတယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့ နေအိမ်အများအပြားလည်း ပျက်စီးခဲ့ပါတယ်။
မောင်တောမြို့နယ်မှာလည်း ဒီဇင်ဘာ ၁၈ ရက်က စစ်ကောင်စီရေတပ်က လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေး ၂ ယောက် ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဘင်္ဂလားပင်လယ်အော်အတွင်းရှိနေတဲ့ စစ်ကောင်စီရေတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တွေဟာ မောင်တောမြို့နယ် ဥဒေါင်းကျေးရွာအနီးမှာ ကျရောက်ပေါက်ကွဲခဲ့ပြီး အသက်မပြည့်သေးတဲ့ ကလေး ၂ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြတာ ဖြစ်ပါတယ်။
မောင်တောဒေသခံတယောက်က “မောင်တောကမ်းစပ်နဲ့ မလှမ်းမဝေးတဲ့ ပင်လယ်ပြင်မှာ ရပ်ထားတဲ့ စစ်ကောင်စီနေဗီတွေက လက်နက်ကြီးတွေ မကြာခဏ ပစ်ခတ်နေတာတွေ ရှိတယ်။ ဒီဇင်ဘာ ၁၈ ရက်နေ့ကလည်း ဥဒေါင်းရွာက လူငယ် ၅ ဦး ငါးရှာပြီးအပြန်မှာ စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်လိုက်တဲ့ကျည် ကျရောက်ပေါက်ကွဲပြီးတော့ လူငယ် ၂ ဦး ထိခိုက်ဒဏ်ရာရသွားကြတယ်။ သိပ်ပြင်းပြင်းထန်ထန်တော့ မဟုတ်ကြဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီရေတပ်က ပစ်ခတ်မှုကြောင့် ဥဒေါင်းကျေးရွာက မောင်အောင်မင်းဟိန်း (၁၄ နှစ်)နဲ့ မောင်ဇော်လင်းဟိန်း (၁၃ နှစ်) တို့ ဒဏ်ရာရသွားကြပါတယ်။
စစ်ကောင်စီရဲ့ ရေတပ်သင်္ဘောတွေဟာ မောင်တောကမ်းခြေနဲ့ ဘင်္ဂလားဒေ့ရှ်အပိုင် စိန့်မာတင်ကျွန်းကြားမှာ လှည့်လည်သွားလာမှုတွေ ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒီဇင်ဘာ ၁၇ ရက်ကလည်း အဲဒီ ရေတပ်ကနေ လက်နက်ကြီးတွေနဲ့ မောင်တောမြို့ ရွှေဇားရွာထဲကို လှမ်းပစ်ခဲ့တာကြောင့် နေအိမ်တချို့ မီးလောင်ပျက်စီးခဲ့ပါတယ်။
မောင်တောမြို့ရဲ့ နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ နခခ ၅ မြို့သူကြီးစခန်းကို ဒီဇင်ဘာ ၈ ရက်မှာ အာရက္ခတပ်တော် (AA) က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီနဲ့ မွတ်ဆလင်တပ်ဖွဲ့ဝင်တချို့ ထွက်ပြေးနေကြဆဲ ဖြစ်ပါတယ်။
စစ်ကောင်စီက လက်ရှိ တိုက်ပွဲပြင်းထန်နေဆဲမြို့တွေကို လေကြောင်းတိုက်ခိုက်နေသလို အာရက္ခတပ်တော်က သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာလည်း အရပ်သားတွေကို ပစ်မှတ်ထားပြီး မကြာခဏဆိုသလို လေကြောင်းတိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။
အာရက္ခတပ်တော်က သံတွဲမြို့ကို ဩဂုတ်လမှာ အပြီးသတ် သိမ်းပိုက်ထားနိုင်ခဲ့တာဖြစ်ပြီး ရခိုင်တိုက်ပွဲအတွင်း မြို့နယ် ၁၃ ခုအထိ သိမ်းပိုက်ထားပါတယ်။