Home
နိုင်ငံတကာ
ဆုဖလားရယူရန် မျှော်မှန်းထားသည့် တောင်အာဖရိက မျက်မမြင် ဘောလုံးအသင်း
DVB
·
December 20, 2024
Photo-Reuters

တောင်အာဖရိကနိုင်ငံ ဂျိုဟန်နာစဘတ်မြို့မှာရှိတဲ့ ဘောလုံးကွင်း တကွင်းမှာ မျက်မမြင် ဘောလုံးသမားတွေဟာ အသံအကူအညီနဲ့ ဘောလုံးကန်နေကြပါတယ်။

ချူထည့်ထားတဲ့ ဘောလုံးကို မျက်မမြင် ဘောလုံးသမားတွေ ကန်နေကြတာဖြစ်ပြီး ဂိုးသမားရဲ့ ဂိုးတိုင်ခေါက်မှုက တိုက်စစ်မှူးကို ဂိုးသွင်းဖို့ လမ်းကြောင်းပေးနေတာပါ။ မမြင်နိုင်တဲ့ အသင်းဖော်တွေက မမြင်ရတဲ့ ဂိုးအတွက် အောင်ပွဲခံမှုတွေ ပြုလုပ်ကြပါတယ်။ 

တောင်အာဖရိကနိုင်ငံရဲ့ ပထမဆုံး မျက်မမြင်ဘောလုံးအသင်းဟာ ဒီတပတ် ရုရှားနိုင်ငံ၊ မော်စကိုမြို့ မှာ ကျင်းပမဲ့ BRICS+ မျက်မမြင်ဘောလုံးပွဲကို သွားရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

ဒီမျက်မမြင်အသင်းမှာ လုံးဝမမြင်ရသူ ၂ ယောက်၊ နည်းနည်းမြင်ရသူ ၅ ယောက်နဲ့အတူ မျက်မြင်တဲ့ ဂိုးသမားတယောက် ပါဝင်ပါတယ်။

ရုရှားမှာ ဖလားရယူပြီး နိုင်ငံကိုယ်စားပြုနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ မျက်မမြင် ဘောလုံး အသင်းခေါင်းဆောင် ဒူဘီက  ပြောပါတယ်။ 

“ကျနော်တို့ရဲ့ ရည်ရွယ်ချက်က ရုရှားကိုသွားဖို့ဖြစ်ပြီး တောင်အာဖရိကလူမျိုးတွေရဲ့ ခြေစွမ်းကို ပြသဖို့ပါ။ အဲ့ဒီမှာ မျက်စိမမြင်ဘဲ ရှင်သန်နေထိုင်တဲ့ လူတွေရဲ့ စွမ်းဆောင်မှုကို ပြချင်တာပါ။ ရုရှားမှာ ဖလားရယူပြီး နိုင်ငံကိုယ်စားပြုနိုင်ဖို့က ကျနော်တို့ရဲ့ ရည်ရွယ်ချက်ပါ။”

မျက်မမြင်အသင်းဟာ တဘက်ကို ကစားသမား ၅ ယောက်ပါဝင်ပြီး မျက်လုံးအကာအကွယ် မျက်နှာဖုံးတပ်ဆင်ထားတဲ့ ကစားသူတချို့လည်း ပါဝင်ပါတယ်။

ချူပါတဲ့ ဘောလုံးကို အသုံးပြုပြီး စပိန်လို ဗိုးလို့အော်ဟစ်ပြီး ကွင်းထဲမှာ နေရာယူလေ့ရှိကာ အကာအရံပါတဲ့ ကွင်းမှာ ကစားကြပါတယ်။

မျက်မမြင်ဘောလုံးအသင်းတသင်းဖြစ်ဖို့ တောင်အာဖရိကနိုင်ငံအနေနဲ့ အတားအဆီးတွေ အများကြီး ရင်ဆိုင်ခဲ့ရပါတယ်။

ကစားသမားအများစုဟာ အလုပ်မရှိသူတွေဖြစ်ပြီး နိုင်ငံပြင်ပကိုလည်း ထွက်ဖူးသူတွေ မဟုတ်ပါဘူး။

မျက်မမြင်ကစားသမားတွေရဲ့ အခက်အခဲနဲ့ပတ်သက်ပြီး ဘောလုံးသမား တယောက်ဖြစ်တဲ့ ဒီလိုဗူက “အားကစားလုပ်ဖို့ အဟန့်အတားဖြစ်စေတာတွေကတော့ အများကြီးပါပဲ။ ပံ့ပိုးမှု မလုံလောက်တာတွေ၊ ကိရိယာရှားပါးတာ မရှိတာတွေ၊ ဘောလုံးကအစ မျက်မမြင်တွေ ကစားလို့ရတဲ့ ဘောလုံး၊ မြက်ခင်းစတာတွေ လိုသလို စောင့်ရှောက်မယ့်သူတွေလည်း လိုပါတယ်။ မျက်မမြင်တွေ ဘောလုံးကစားတာဖြစ်လို့ ဒီလိုအထောက်အပံ့ပစ္စည်းတွေ လိုအပ်တာတွေကို လွယ်လွယ်ရှာတွေ့ဖို့တော့မလွယ်ပါဘူး။ နောက်ပြီး ဘယ်သူက ဘယ်နေရာမှာ ကစားမလဲဆိုတာတွေကလည်း ရှိပါသေးတယ်”လို့ ပြောပါတယ်။

မျက်မမြင်အသင်းအဖြစ် နိုင်ငံတကာပွဲကစားဖို့ တောင်အာဖရိကအသင်းအနေနဲ့ တော်တော်ရုန်းကန်ခဲ့ ရပါတယ်။

အသင်းသား ၅ ယောက်နေထိုင်ဖို့ နေရာ၊ တကိုယ်ရည်သုံးပစ္စည်းတွေနဲ့ ခရီးထွက်ဖို့ အနွေး ထည်စတဲ့ မရှိမဖြစ်ပစ္စည်းတွေကအစ ထောက်ပံ့မှုရဖို့ အခက်တွေ့ခဲ့တာပါ။

တောင်အာဖရိက မျက်မမြင်အသင်းဟာ ဒီဇင်ဘာ ၁၆ ရက်က ရုရှားနိုင်ငံကို ထွက်ခွါခဲ့တာဖြစ်ပါ တယ်။

တောင်အာဖရိ မျက်မမြင်အသင်းဟာ ထောက်ပံ့မှုမရှိ၊ လစာမရတာတွေရှိပေမဲ့ တသင်းလုံး စိတ်အားထက်သန်မှု ကောင်းကြောင်း မျက်မမြင်ဘောလုံးအသင်း နည်းပြ အမ်ဆီဘီက ပြောပါတယ်။ 

“မိသားစုတခုလို ကျနော်တို့ ဖွံ့ဖြိုးတိုးတက်အောင် စွမ်းဆောင်ရမှာပါ။ အသင်းသားတွေရဲ့ အခြေအနေကို စောင့်ကြည့်ပြီး တယောက်နဲ့ တယောက်တန်ဖိုးထားတာတွေ၊ နားလည်တာတွေ ပိုပြီးရှိလာပါတယ်။ သူတို့ဟာ နည်းစနစ်နဲ့ ကြံ့ခိုင်မှုလည်း ပိုကောင်းလာပါတယ်။ သူတို့ဟာ မျက်မမြင်ဘောလုံးပွဲတွေမှာ ပရော်ဖက်ရှင်နယ်လို ကစားနိုင်ပါပြီ။” 

ဒီဇင်ဘာ ၁၈ ရက်ကနေ ၂၀ ရက်အထိ ရုရှားနိုင်ငံ မော်စကိုမြို့မှာ ကျင်းပတဲ့ ပြိုင်ပွဲမှာ တောင်အာဖရိက မျက်မမြင်အသင်းဟာ ရုရှား၊ ဘီလာရုစ်၊ ဘရာဇီး၊ အိန္ဒိယ၊ တူရကီ၊ ကာဇတ် စတန်နိုင်ငံတို့က မျက်မမြင်အသင်းတွေနဲ့ ယှဉ်ပြိုင်ရတာ ဖြစ်ပါတယ်။ 

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013