အမေရိကန်ပြည်ထောင်စု၊ နယူးဂျာစီပြည်နယ်မှာ ဒရုန်းတွေကို တွေ့မြင်ရတဲ့ သတင်းတွေကြောင့် လူတွေဟာ ပျံနေတဲ့ လေယာဉ်တွေဆီ လေဆာပွိုင့်တာနဲ့ ညွှန်ပြတာ ပိုလုပ်လာကြပြီး ဒါဟာ အန္တရာယ်ရှိတဲ့ အလေ့အကျင့်ဖြစ်တယ်လို့ အမေရိကန် ဖက်ဒရယ်လေကြောင်းအုပ်ချုပ်ရေးအဖွဲ့ (FAA)က ပြောပါတယ်။
လေယာဉ်ကို လေဆာနဲ့ထိုးတဲ့ ဖြစ်စဉ်ဟာ ၂၆၉ ရာခိုင်နှုန်း တိုးလာကြောင်း FAA က အစီရင်ခံတင်ပြခဲ့ပြီး ဒီဇင်ဘာလ ပထမနှစ်ဝက်မှာပဲ ဖြစ်ပွားမှု ၅၉ မှုရှိပြီး မနှစ်က အလားတူကာလမှာ ၈ မှုသာ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
လေယာဉ်ကို လေဆာရောင်ခြည်နဲ့ ချိန်ရွယ်တာဟာ ပြင်းထန်တဲ့ ဘေးကင်းရေးအန္တရာယ်တွေ ဖြစ်ပေါ်စေပြီး ပြည်ထောင်စု ဥပဒေကို ချိုးဖောက်ရာရောက်တယ်လို့လည်း ဆိုပါတယ်။
ဒရုန်းမြင်တွေ့မှု တိုးလာတာဟာ အမျိုးသားလုံခြုံရေး ခြိမ်းခြောက်မှုကို ညွှန်ပြနေတာမဟုတ်ဘဲ လေယာဉ်တွေ၊ ကြယ်တွေ သို့မဟုတ် ဝါသနာရှင် ဒရုန်းတွေကြောင့် မကြာခဏ အမှတ်မှားကြတာလို့ ယူဆကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
နယူးဂျာစီ၊ နယူးယော့ခ်နဲ့ ပန်ဆယ်လ်ဗေးနီးယားရှိ လေယာဉ်မှူးတွေဟာ သူတို့ရဲ့ လေပိုင်နက်အတွင်း ဒါဇင်နဲ့ချီတဲ့ လေဆာဖြစ်ရပ်တွေကို အစီရင်ခံခဲ့ကြောင်း FAA က ထပ်လောင်း ပြောကြားခဲ့ပါတယ်။
နယူးဂျာစီရှိ FBI ဗျူရိုဟာ ဒီဇင်ဘာ ၁၈ ရက်မှာ သီးခြားသတိပေးချက်တရပ် ထုတ်ပြန်ခဲ့ပြီး သံသယရှိစရာ ဒရုန်းတွေကို လွှတ်တင်တာ ဒါမှမဟုတ် သူတို့ကို လေဆာပွိုင့်တာနဲ့ ပစ်တာမပြုဖို့ တိုက်တွန်းခဲ့ပါတယ်။
လူလိုက်ပါလာတဲ့ လေယာဉ်တွေကို လေဆာနဲ့ မှားယွင်း ညွှန်ပြတာကြောင့် အန္တရာယ်များပြီး သေစေနိုင်တဲ့ အကျိုးဆက်တွေ ဖြစ်ပေါ်လာစေနိုင်ကြောင်း အေဂျင်စီက သတိပေးခဲ့ပါတယ်။
ဒီဇင်ဘာ ၁၆ ရက်က ဖလော်ရီဒါပြည်နယ် ပါးမ်စပရင်းစ်မြို့မှာ မိန့်ခွန်းပြောကြားခဲ့တဲ့ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ မကြာသေးခင် သီတင်းပတ်တွေအတွင်း အရှေ့ကမ်းရိုးတန်းတလျှောက် အာရုံစိုက်လာခဲ့ရတဲ့ ဒရုန်းယာဉ်တွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ထုတ်ဖော်ပြောကြားပေးဖို့ အမေရိကန်စစ်တပ်ကို တောင်းဆိုခဲ့ပါတယ်။
တချိန်တည်းမှာပဲ ပင်တဂွန် သတင်းထုတ်ပြန်ရေး အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ပက်ထရစ် ရိုက်ဒါက နယူးဂျာစီနဲ့ တခြားဒေသတွေဆီက အစီရင်ခံ သတင်းပို့ကြတဲ့ ဒရုန်းတွေဟာ ကာကွယ်ရေးဌာန (DOD) ရဲ့ ပိုင်ဆိုင်မှုမဟုတ်ကြောင်း ဒီဇင်ဘာ ၁၇ ရက်မှာ ရှင်းလင်းပြောကြားခဲ့ပါတယ်။
Source : Reuters