မြောက်ကိုရီးယားကို နျူကလီးယားလက်နက်နိုင်ငံအဖြစ် ရုရှားက တရားဝင်လက်ခံပေးဖို့ နီးစပ်လာပြီ ဖြစ်တယ်လို့ အမေရိကန်က မှတ်ချက်ပေးခဲ့ပါတယ်။
မြောက်ကိုရီးယား နျူဖျက်သိမ်းရေးဆိုတာ အဆုံးသတ်သွားပြီဖြစ်တဲ့ ကိစ္စတရပ်ဖြစ်တယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗ်ရော့က စက်တင်ဘာလတုန်းက ပြောခဲ့ပါတယ်။
ပြုံယမ်းအစိုးရက သူတို့ရပ်တည်မှုအတွက် နျူကလီးယားလက်နက်ကို ကာကွယ်ရေး အခြေခံအုတ်မြစ်အဖြစ် ကိုင်စွဲထားတာကို မော်စကိုဘက်က လက်ခံလာတဲ့သဘော ဖြစ်ပါတယ်။
ရုရှားဟာ မြောက်ကိုရီးယားကျွန်းဆွယ် နျူးကလီးယားဖျက်သိမ်းရေးဆိုတဲ့ ဆယ်စုနှစ်များစွာ လက်ခံခဲ့တဲ့ သန္နိဋ္ဌာန်ကို ပြောင်းပြန်လှန်ပြီး ပြုံယမ်းရဲ့ နျူလက်နက်ပရိုဂရမ်ကို တရားဝင် လက်ခံပေးဖို့ နီးစပ်လာပြီလို့ အကဲဖြတ်မိကြောင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး လင်ဒါသောမတ်စ်-ဂရင်းဖီးလ်ဒ်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။
အခုဆိုရင် မော်စကိုဟာ ပြုံယမ်းရဲ့ နျူကလီးယားလက်နက်ဖွံ့ဖြိုးရေး ဆောင်ရွက်မှုတွေကို ဝေဖန်ဖို့ လက်တွန့်ရုံတင်မကဘဲ မတည်ငြိမ်အောင်လုပ်တဲ့ အပြုအမူတွေအပေါ် ရှုတ်ချတာ၊ အရေးယူပိတ်ဆို့တာတွေကိုပါ ဟန့်တားလာခဲ့တယ်လို့ သံအမတ်ကြီးက သုံးသပ်ပါတယ်။
ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ်ကြီးကတော့ မော်စကိုနဲ့ ပြုံယမ်း ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်တာဟာ ရုရှားရဲ့ အချုပ်အခြာအာဏာပိုင် အခွင့်အရေး ဖြစ်တယ်လို့ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။
Source : Reuters