ရုရှား နျူးကလီးယား၊ ဇီဝနဲ့ ဓာတုလက်နက် ကာကွယ်ရေးတပ်ဖွဲ့ (NBC) အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး အီဂေါ်ကီရီလော့ဗ်ဟာ ဒီဇင်ဘာ ၁၇ ရက်က ဗုံးခွဲလုပ်ကြံခံခဲ့ရပြီး သေဆုံးသွားပါတယ်။
မနက်ပိုင်းမှာ နေအိမ်ကနေ ထွက်လာချိန် အနားမှာရှိတဲ့ လျှပ်စစ်စကူတာ ဆိုင်ကယ်တစီးထဲ ဝှက်ထားတဲ့ ဗုံးတလုံး ပေါက်ကွဲခဲ့ပြီး သူနဲ့ သူ့လက်ထောက်တို့ သေဆုံးခဲ့တယ်လို့ ရုရှား စုံစမ်းစစ်ဆေးရေးကော်မတီက ပြောပါတယ်။ ပေါက်ကွဲတဲ့နေရာဟာ ကရင်မလင်နန်းတော်နဲ့ ၄ မိုင်ပဲ ကွာဝေးပါတယ်။
ဖြစ်စဉ်ဖြစ်ပွားရာနေရာက ဓာတ်ပုံတွေအရ အဆောက်အအုံ ဝင်ပေါက်မှာ ဆိုးဆိုးရွားရွား ပျက်စီးသွားပြီး နံရံတွေပေါ်မှာ မီးလောင်ရာတွေနဲ့ ပြတင်းပေါက်တွေလည်း ကွဲထွက်နေတာ တွေ့ရပါတယ်။ လမ်းပေါ်မှာလည်း အလောင်းထည့်ထားတဲ့ အိတ် ၂ လုံး တွေ့ရပါတယ်။
ကီရီလော့ဗ်ဟာ ယူကရိန်းမှာ ဓာတုလက်နက် အသုံးပြုမှုကို ကြီးကြပ်ခဲ့ပြီး ကရင်မလင်ရဲ့ သတင်းအမှားတွေကို ဖြန့်ဝေသူဖြစ်တယ်လို့ သတ်မှတ်ခံရသူဖြစ်ပြီး အောက်တိုဘာလတုန်းက ဗြိတိန်ရဲ့ အရေးယူပိတ်ဆို့ခံထားရသူ ဖြစ်ပါတယ်။
တားမြစ်ထားတဲ့ ဓာတုလက်နက်တွေကို အများအပြား အသုံးပြုမှုအတွက် ကီရီလော့ဗ်မှာ တာဝန်ရှိကြောင်း ယူကရိန်း ထောက်လှမ်းရေးအဖွဲ့ (SBU) က မျက်ကွယ်မှာ စွဲချက်တင်ခဲ့ပြီး တရက်အကြာမှာ အခုလို သေဆုံးခဲ့တာဖြစ်ပါတယ်။ ဒီဖြစ်စဉ်ဟာ ယူကရိန်းနဲ့ ပတ်သက်မှု ရှိ၊ မရှိတော့ မသိရသေးပါဘူး။
Source : Reuters