Home
နိုင်ငံတကာ
နိုင်ငံခြားအရန်ငွေ နည်းနေဟု ဆီးရီးယား အိမ်စောင့်၀န်ကြီးချုပ်ပြော
DVB
·
December 19, 2024
Photo: Reuters

ဆီးရီးယားမှာ နိုင်ငံခြားအရန်ငွေ အရမ်းနည်းနေတယ်လို့ ဆီးရီးယား အိမ်စောင့်၀န်ကြီးချုပ် မိုဟာမဒ်အယ်လ်-ဘာရှားက အယ်လ်ဂျာဇီးရားရုပ်သံကို ဒီဇင်ဘာ ၁၇ ရက်မှာ ပြောကြားခဲ့ပါတယ်။

ဆီးရီးယား အိမ်စောင့်၀န်ကြီးချုပ်က “ဆီးရီးယားမှာရှိတဲ့ ငွေကြေးအရန်ငွေဟာ အလွန်ကို နည်းပါးလွန်းပြီး မပြောပလောက်တဲ့ ပမာဏပဲ ကျန်ရှိကြောင်းနဲ့ ဆီးရီးယားငွေကြေးဟာ လုံးဝကို ပြိုလဲကျသွားပါပြီ” လို့ ပြောပါတယ်။

စစ်ပွဲကာလအတွင်းမှာ ဒေါ်လာဟာ ဆီးရီးယားသုံး ပေါင်ငွေ ၃၀,၀၀၀ ကျော်လောက်ကို ဖြစ်သွားပြီး တချို့ရက်တွေမှာဆိုရင် ပေါင် ၄၀,၀၀၀ အထိ ရောက်ရှိသွားကာ ဘဏ်တွေမှာလည်း အလွတ်နီးပါးဖြစ်နေပြီလို့ ဆိုပါတယ်။

ဆန့်ကျင်ဘက်အနေနဲ့ စစ်အစိုးရဟာ ကြွေးမြီအမွေ တပုံတပင်နဲ့ ပြည်တွင်းပြည်ပ ကုမ္ပဏီတချို့နဲ့ ချုပ်ဆိုထားတဲ့ အကျင့်ပျက်စာချုပ်တွေပဲ ချန်ထားခဲ့တယ်လို့ ဆိုပါတယ်။

ဘာရှား အယ်လ်-အာဆတ် အစိုးရဟာ အစားအစာ၊ လောင်စာဆီနဲ့ စစ်ပွဲအတွက် ရန်ပုံငွေကို ဒေါ်လာသုံးစွဲမှု တိုးမြှင့်ခဲ့တာကြောင့် ဒေါ်လာအရန်ငွေဟာ ကုန်လုနီးပါးဖြစ်နေပြီလို့ လက်ရှိနဲ့ အရင် ဆီးရီးယားအရာရှိတွေက ရိုက်တာသတင်းဌာနကို ပြောပြထားပါတယ်။

ဗဟိုဘဏ်ရဲ့ နိုင်ငံခြားအရန်ငွေပမာဏဟာ ငွေသားဒေါ်လာ သန်း ၂၀၀ လောက်သာရှိကြောင်း သတင်းရင်းမြစ်တခုက ရိုက်တာကို ပြောကြားခဲ့ပြီး အခြားတယောက်ကတော့ အမေရိကန်ဒေါ်လာ အရန်ငွေဟာ သန်းရာနဲ့ချီ ရှိနေတယ်လို့ ဆိုပါတယ်။

အင်တာဗျူးအတွင်း အိမ်စောင့်၀န်ကြီးချုပ် အယ်လ်-ဘာရှားက နိုင်ငံရဲ့ အခြေခံအဆောက်အအုံတွေနဲ့ ဌာနတွေအတွက် လိုအပ်ချက်တွေအကြောင်း ပြောကြားပြီး နိုင်ငံရေးနဲ့ စီးပွားရေး အထောက်အပံ့တွေအတွက် လူသားချင်းစာနာမှုအကူအညီတွေ အရေးပေါ် လိုအပ်နေတယ်လို့လည်း ပြောသွားပါတယ်။

ဒီနိုင်ငံမှာက အကျင့်ပျက် အုပ်ချုပ်ရေးစနစ်ကနေ လေးလံပြီး ပျက်စီးယိုယွင်းနေတဲ့ အမွေအနှစ်တခုကို အမွေဆက်ခံခဲ့ကြတယ်လို့လည်း သူကပြောပါတယ်။

ဒီနေ့ခေတ်မှာ အခြေခံအဆောက်အအုံတွေလည်း လုံးဝကို ယိုယွင်းလာပြီးတော့ လျှပ်စစ်ဓာတ်အားပေးရုံတွေ၊ လမ်းတွေ၊ သန့်ရှင်းရေးနဲ့ ပညာရေးဆိုင်ရာ အခြေခံအဆောက်အအုံတွေကို ပံ့ပိုးပေးဖို့ လိုနေတယ်လို့ ဆိုပါတယ်။

ရာနဲ့ချီတဲ့ စာသင်ကျောင်းတွေ ဖြိုချခံခဲ့ရပြီး အလုပ်ရုံတွေလည်း ရာဇ၀တ်ဂိုဏ်းတွေရဲ့ ဖျက်ဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါကြောင့် အေးခဲထားတဲ့ ရန်ပုံငွေတွေကို ဆီးရီးယားပြည်သူတွေဆီ ပေးအပ်ရမှာဖြစ်ပြီး ဒါဟာ ဆီးရီးယားပြည်သူတွေရဲ့ အခွင့်အရေးဖြစ်တယ်လို့ ပြောကြားပါတယ်။

ဆီးရီးယားပြည်သူတွေကို အရေးပေါ် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပေးအပ်ပြီး နိုင်ငံရေးအရရော စီးပွားရေးအရပါ ပံ့ပိုးပေးရပါမယ်လို့လည်း ပြောသွားပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013