ဆီးရီးယားမှာ လူပေါင်းသိန်းချီ သတ်ဖြတ်မြေမြှုပ်ထားခဲ့တဲ့ ကြီးမားတဲ့ သင်္ချိုင်းကြီး တွေ့ခဲ့ပြီး ဒါဟာ လူပေါင်းများစွာ အသတ်ခံခဲ့ရတဲ့ အထောက်အထားဖြစ်ကြောင်း နိုင်ငံတကာ စစ်ရာဇဝတ်မှု အစိုးရရှေ့နေက ပြောပါတယ်။
ဒမတ်စကတ်မြို့အနားမှာရှိတဲ့ ကူတာဖက်နဲ့ နစ်ဟာတို့မှာ ကြီးမားတဲ့ သင်္ချိုင်းနေရာ ၂ ခု တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
ဖြုတ်ချခံခဲ့ရတဲ့ အာဏာရှင် အာဆတ်လက်အောက် ၂၀၁၃ ခုနှစ်ကစပြီး ညှဉ်းပန်းနှိပ်စက်ပြီး သတ်ဖြတ်ခံရသူ ၁၀၀,၀၀၀ ကျော်ကြောင်း ရှေ့နေက ခန့်မှန်းထားပါတယ်။
စစ်ရာဇဝတ်မှုရှေ့နေ စတီပင်ရက်ပ်က “နှိပ်စက်ပြီး သတ်ဖြတ်ခံရမှုထဲမှာ ပါဝင်တဲ့သူတွေဟာ ၁၀၀,၀၀၀ ကျော်ရှိပါတယ်။ ဒီလောက်များတဲ့ အုတ်ဂူတွေ ကျနော် မတွေ့ဖူးပါဘူး။ နာဇီတွေ နောက်ပိုင်း ဒီလို ရက်စက်မှုမျိုး ကျနော်တို့ မမြင်ခဲ့ရတာ အမှန်ပါပဲ” လို့ ရိုက်တာကို ပြောပါတယ်။
လျှို့ဝှက်ရဲတွေကြောင့် လမ်းတွေ၊ အိမ်တွေကနေ လူတွေ အဖမ်းခံရပြီး ပျောက်ဆုံးတာတွေ ဖြစ်ပေါ်ပါတယ်။
အဲဒီလူတွေကို ထောင်ချတာတွေ၊ နှိပ်စက်တာတွေ၊ သတ်ဖြတ်တာတွေ ပြုလုပ်ပြီး ဒီအလောင်းတွေကို ထရပ်ကားမောင်းသူနဲ့ ဘူဒိုဇာမောင်းသူတို့က မြေကြီးတွေနဲ့ ပြန်ဖုံးခဲ့တယ်လို့လည်း စတီပင်က ဆိုပါတယ်။
အဲဒီလို လူသတ်မှုစနစ် ယန္တရားထဲမှာ လူထောင်ပေါင်းများစွာ ပါဝင်အလုပ်လုပ်နေတာကို တွေ့ရှိခဲ့ပါတယ်။
၂၀၁၁ ခုနှစ်ကတည်းက လူထောင်ပေါင်းများစွာ အသတ်ခံခဲ့ရတာဖြစ်ပြီး သူ့ကို ဆန့်ကျင်သူတိုင်းကို အာဆတ်က သတ်ဖြတ်တာတွေ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
အဲဒီနေရာကို ကောင်းကင်ဓာတ်ပုံတွေမှာ ပြန်ကြည့်ရင် ၂၀၁၂ ခုနှစ်မတိုင်ခင်က ဘာမှ လုပ်ဆောင်ခဲ့တာ မတွေ့ရဘူးလို့လည်း ဓာတ်ပုံတွေမှာ တွေ့ရပါတယ်။
အာဆတ်နဲ့ သူ့ရဲ့အဖေဖြစ်သူ ဟာဖတ်ဇ် လက်ထက်ကတည်းက အကျဉ်းထောင်တွေမှာ သေဒဏ်ပေးမှု အပါအဝင် ဆီးရီးယားပြည်သူတွေကို ဓာတုလက်နက်တွေနဲ့ တိုက်ခိုက်မှုတွေလည်း ပြုလုပ်ခဲ့တာကြောင့် တရားလွန်သတ်ဖြတ်မှုလို့ လူ့အခွင့်အရေးအဖွဲ့တွေက ဆိုပါတယ်။
Source : Reuters