Home
မြန်မာသတင်း
လပွတ္တာတွင် ဝမ်းရောဂါ ကူးစက်ပြီး  လူသေဆုံးမှု ရှိ
DVB
·
December 18, 2024
Photo-ကရုဏာမျက်ဝန်း

ဧရာ၀တီတိုင်း၊ လပွတ္တာမြို့နယ်မှာ ပြင်းထန်တဲ့ ဝမ်းရောဂါတွေဖြစ်ပွားနေပြီး လူသေဆုံးမှုတွေ ရှိနေတယ်လို့ လပွတ္တာပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ  သိရပါတယ်။

လပွတ္တာမြို့နယ်မှာ ဒီဇင်ဘာ ၁  ရက်ကနေ ၁၇ ရက်အထိ လူအယောက် ၈၀ ဝန်းကျင် ပြင်းထန်တဲ့ ဝမ်းရောဂါ ကူးစက်ဖြစ်ပွားခဲ့ပြီး ၅ ယောက်သေဆုံးခဲ့ကာ ဆေးကုသမှုတွေ ခံယူနေရသူ အယောက် ၅၀ ထက်မနည်း ရှိနေတယ်လို့ သိရပါတယ်။

လပွတ္တာ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနဲ့ နီးစပ်သူက “ပြီးခဲ့တဲ့အောက်တိုဘာ စတုတ္ထအပတ်လောက်ကတည်းက စတင်ကူးစက်မှုတွေ ရှိခဲ့တာ။ ဒီဇင်ဘာလထဲမှာ ဝမ်းရောဂါကူးစက်ခံရသူ ပိုများလာတယ်။ ဝမ်းရောဂါဖြစ်လာရတဲ့ အကြောင်းက အစားအသောက်ကြောင့် မဟုတ်ဘဲ အိမ်သာကြောင့်လို့ယူဆတယ်” လို့ ပြောပါတယ်။

လပွတ္တာမြို့နယ်ထဲက ကုက္ကို၊ ကညှင်ကွင်းနဲ့ အမတ်ကြီး စတဲ့ ကျေးရွာအုပ်စုတွေထဲက ကျေးရွာခွဲ ၁၀ ရွာထက်မနည်းလောက်မှာ ဝမ်းရောဂါကူးစက်မှု အဖြစ်များနေပြီး လူသေဆုံးတဲ့အထိ ဖြစ်လာတာလို့ ဆိုပါတယ်။

လပွတ္တာမြို့နယ်က စေတနာ့ဝန်ထမ်းတယောက်က “လပွတ္တာမှာက လောလောဆယ် ကျေးရွာတချို့မှာ အဖြစ်များလာတာ။ အခုဝမ်းရောဂါက သက်ကြီးပိုင်း၊ သက်ငယ်ပိုင်းရယ် မဟုတ်ဘူး၊ အကုန်ဖြစ်တာ။ အမျိုးသား အယောက် ၃၀ လောက်အထိပါ ဖြစ်ခဲ့တာ” လို့ ပြောပါတယ်။

လပွတ္တာမြို့နယ်အပြင် ဧရာ၀တီတိုင်းက တခြားမြို့နယ်တွေမှာလည်း ဝမ်းရောဂါ ကူးစက်မှုတွေ ရှိနေပြီး အခြေအနေ အသေးစိတ်ကို မသိရသေးဘူးလို့ ကျန်းမာရေးဌာနနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းကလည်း ရန်ကုန်တိုင်းထဲက မြို့နယ်တွေမှာ ဝမ်းရောဂါ ကူးစက် ဖြစ်ပွားမှုကြောင့် ဆေးရုံတက်ရသူ အယောက် ၆၀၀ ထက်မနည်း ရှိခဲ့ပြီး ဆေးကုသနေရင်း သေဆုံးသူတွေ ရှိခဲ့တယ်လို့ ရန်ကုန်အခြေစိုက် လူမူကူညီရေးအသင်းတွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013