ဧရာဝတီတိုင်း၊ လပွတ္တာမြို့က ကြံ့ခိုင်ရေးပါတီရဲ့ မြို့နယ်ကော်မတီဝင် ပိုင်ဆိုင်တဲ့ ရွှေပြည်ကျော် လျှပ်စစ်ပစ္စည်းဆိုင် လက်ပစ်ဗုံးနဲ့ပစ်ပေါက်ခံရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်တယ်လို့ စစ်ကောင်စီတပ်က စွပ်စွဲပြီး ဖမ်းဆီးခံထားရတဲ့ အရပ်သား ၃ ယောက်နဲ့ ဒီနေ့ စက်တင်ဘာ ၈ ရက်အထိ အဆက်အသွယ်မရ ဖြစ်နေတာ ရက် ၃၀ လောက်ရှိလာပြီလို့ ဒေသခံတွေဆီက သိရပါတယ်။
လပွတ္တာမြို့ အမှတ် ၁ ရပ်ကွက်၊ စည်ပင်သာယာလမ်းက ကြံ့ခိုင်ရေးပါတီရဲ့ မြို့နယ်အဆင့် ကော်မတီဝင် ဦးညိုဝင်း ဆိုသူ ပိုင်ဆိုင်တဲ့ ရွှေပြည်ကျော် လျှပ်စစ်ပစ္စည်းဆိုင်ဟာ ဇူလိုင် ၁၀ ရက် နေ့လယ်ပိုင်းက လက်ပစ်ဗုံးနဲ့ ပစ်ပေါက်ခံခဲ့ရပြီးနောက် အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒေသခံ ၃ ယောက်ကို စစ်ကောင်စီတပ်က ဇူလိုင် ၁၁ ရက်မှာ ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
အဖမ်းခံရတဲ့သူနဲ့ နီးစပ်သူတယောက်က “ဝင်းသူ ဆိုတဲ့ ကောင်လေးအပါအဝင် ကောင်လေး ၃ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တာ။ အမှတ် ၁ ရပ်ကွက်နဲ့ အမှတ် ၂ ရပ်ကွက်ကပဲ။ ဒီနေ့ စက်တင်ဘာ ၈ ရက်အထိ ပြန်မလွတ်သေးတာ။ ဘယ်မှာထားတယ်၊ ဘယ်လုပ်ထားတယ် ဆိုတာ ဘာမှ မသိရတာလို့။ မိသားစုတွေက စိတ်ပူတာပေါ့။ တချို့ကလည်း စစ်မှုထမ်းထဲ ထည့်လိုက်ပြီပေါ့ ပြောတာပဲ” လို့ ပြောပါတယ်။
အဲဒီလျှပ်စစ်ပစ္စည်းဆိုင်ပိုင်ရှင်ဟာ စစ်ကောင်စီရဲ့ မြို့နယ်နဲ့ ခရိုင်အဆင့် စီမံအုပ်ချုပ်ရေးအဖွဲ့နဲ့ ပူးပေါင်းပြီး ပျော်ပွဲရွှင်ပွဲ အခမ်းအနားတွေ တက်တာ၊ အားကစားပွဲတွေလုပ်တာ၊ ပြည်သူ့စစ်ဖွဲ့တာ၊ စစ်မှုထမ်းကိစ္စတွေမှာ ပါဝင်တာ၊ စစ်ကောင်စီကို ထောက်ခံတဲ့ပွဲတွေလုပ်တာ စတဲ့ကိစ္စတွေမှာ ပါဝင်လုပ်ဆောင်နေသူလို့ ဆိုပါတယ်။
မြို့နယ်ရဲတပ်ဖွဲ့နဲ့နီးစပ်သူတယောက်က “ဖမ်းသွားတာတော့ မှန်တယ်။ လူငယ်တွေကို ဘယ်မှာ ထားတယ်ဆိုတာ အသေးစိတ် ကျနော်တို့လည်း မသိဘူး။ ဘာလို့ဆိုတော့ တပ်က ဖမ်းတာလေ။ အဖမ်းခံရတဲ့ ၃ ယောက်က လူငယ်တွေပါ” လို့ ပြောပါတယ်။
အဲဒီဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီတပ်က ဆိုင်ရဲ့ စီစီတီဗီမှတ်တမ်းကိုယူပြီး ဖြစ်စဉ်စဖြစ်တဲ့ ဇူလိုင် ၁၀ ရက်ကနေ ၁၅ ရက်အထိ လပွတ္တာမြို့အဝင်အထွက် ဂိတ်တွေမှာ ဆိုင်ကယ်စီးနင်းသူတွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
ဧရာဝတီတိုင်း၊ လပွတ္တာမြို့၊ ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ ပြီးခဲ့တဲ့ မေ ၁၅ ရက် ညပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်လို့ ရုံးစာရေးတယောက် ထိခိုက်ဒဏ်ရာရရှိပြီး ဒေသခံ ၂ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။