Home
နိုင်ငံတကာ
ပုပ်ရဟန်းမင်းကြီး၏ အီရတ်ခရီးစဉ်အတွင်း အသေခံဗုံးခွဲရန် ပစ်မှတ်ထားခံရ
DVB
·
December 18, 2024
Photo-Reuters

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ လွန်ခဲ့တဲ့ ၃ နှစ် ၂၀၂၁ ခုနှစ်က အီရတ်နိုင်ငံ ခရီးစဉ်အတွင်းမှာ ကြံစည်ထားတဲ့ အသေခံဗုံးခွဲမှုရဲ့ ပစ်မှတ်ထားခံခဲ့ရကြောင်း ထုတ်ဖော်မိန့်ကြား လိုက်ပါတယ်။

ပုပ်ရဟန်းမင်းကြီးဟာ အီရတ်နိုင်ငံကို သွားရောက်တဲ့ ပထမဆုံး ကက်သလစ်ဘုန်းတော်ကြီး ဖြစ်ပြီး သူ့ရဲ့ ၁၁ နှစ်ကြာ ပုပ်ရဟန်းမင်းကြီးဘဝ သက်တမ်းအတွင်း အန္တရာယ်အများဆုံး နိုင်ငံရပ်ခြား ခရီးစဉ်တခုလို့လည်း ဆိုနိုင်ပါတယ်။

ဒီဇင်ဘာ ၁၇ ရက်မှာ ထုတ်ဝေပြီး မကြာခင် ထွက်ရှိလာတော့မယ့် ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိမှ ကောက်နုတ်ချက်ထဲမှာ ပုပ်ဖရန်စစ်က သူဟာ ၂၀၂၁ ခုနှစ် မတ်လက ဘဂ္ဂဒက်မြို့ကို ဆင်းသက်လာပြီးနောက်မှာ သူ့ကို စီစဉ်ထားတဲ့ ပွဲအခမ်းအနားတွေထဲ တခုခုမှာ အသေခံဗုံးခွဲသူ ၂ ယောက်က ပစ်မှတ်ထားတိုက်ခိုက်ဖို့ ကြံရွယ်နေကြောင်း ရဲတပ်ဖွဲ့က သတင်းပေးလာခဲ့တယ်လို့ ပြောထားပါတယ်။

ဖောက်ခွဲရေးပစ္စည်းတွေနဲ့ ဆင်ယင်ထားတဲ့ အသေခံ အမျိုးသမီးငယ်တယောက်ဟာ ပုပ်ရဲ့ ခရီးစဉ်အတွင်းမှာ သူ့ကိုယ်သူ ဖောက်ခွဲပစ်လိုက်ဖို့ မိုဆူးလ်မြို့ကို ဦးတည်သွားနေတယ်လို့ ပုပ်ရဟန်းမင်းကြီးက ရေးသားခဲ့ကြောင်း အီတလီနေ့စဉ်ထုတ် ကော်ရီယားရဲ ဒယ်လာဆေရာ စာအုပ်မှာ ကောက်နုတ် ဖော်ပြထားချက်အရ သိရပါတယ်။

ပြီး​တော့ ဗင်​ကားတ​စီး​ကလည်း တူညီ​တဲ့​ရည်ရွယ်ချက်​နဲ့ အရှိန်​အပြည့်​နဲ့ ဆင်း​လာ​တယ်လို့ ဆိုထားပါတယ်။

ပုပ်ဖရန်စစ်ရဲ့ မိုဆူးလ်ခရီးစဉ်ဟာ သူ့ရဲ့ အီရတ်ခရီးစဉ်အတွင်း အရေးကြီးတဲ့ အခိုက်အတန့် ဖြစ်ပါတယ်။

ပုပ်ရဟန်းမင်းကြီးဟာ ၂၀၁၄ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ IS တို့ရဲ့ ထိန်းချုပ်မှုအောက် ရောက်ခဲ့ရတဲ့ အီရတ်နိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ မိုဆူးလ်မှာ ပျက်စီးသွားတဲ့ ဘုရားကျောင်း ၄ ခုရဲ့ အပျက်အစီးတွေကို သွားရောက်ကြည့်ရှုခဲ့ပြီး ငြိမ်းချမ်းရေးအတွက် ပန်ကြားခဲ့ပါတယ်။

ခရီးစဉ်အတွင်း ဗာတီကန်ဟာ ပုပ်ရဟန်းမင်းကြီးအတွက် လုံခြုံရေးပြင်ဆင်မှုတွေနဲ့ ပတ်သက်ပြီး အသေးစိတ် အချက်အလက် အနည်းငယ်ကို ထုတ်ပြန်ခဲ့ပါတယ်။

ပုပ်ကို ကာကွယ်ဖို့အတွက် အီရတ်မှာ နောက်ထပ် လုံခြုံရေးတပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာကို ချထားခဲ့ကြောင်း သိရှိရပါတယ်။

ပုပ်ရဟန်းမင်းကြီးရဲ့ မှတ်ချက်အသစ်တွေနဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကို တောင်းဆိုဖို့ ဗာတီကန်က ချက်ချင်းတုံ့ပြန်ခြင်း မရှိပါဘူး။

“Hope” “မျှော်လင့်ချက်” လို့ ခေါင်းစဉ်ပေးထားတဲ့ ပုပ်ဖရန်စစ်ရဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိအသစ်ကို ဇန်နဝါရီ ၁၄ ရက်မှာ ထုတ်ဝေဖို့ စီစဉ်ထားပါတယ်။

ပုပ်ရဟန်းမင်းကြီးဟာ ဒီနှစ် မတ်လတုန်းကလည်း သူ့ရဲ့ ဘဝဖြတ်သန်းမှုအကြောင်း မှတ်တမ်းစာအုပ်ကို ထုတ်ဝေခဲ့ပါသေးတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013