Home
မြန်မာသတင်း
စစ်ကောင်စီဗဟိုဘဏ်က ကန်ဒေါ်လာ ၂၈ သန်း ထပ်မံထုတ်ရောင်း
DVB
·
December 17, 2024

နိုင်ငံခြားငွေဈေးကွက်ထဲ ငွေအလုံးအရင်း ထုတ်ရောင်းပြီး နိုင်ငံခြားငွေကို ထိန်းချုပ်နေတဲ့ စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်ဟာ ဒီဇင်ဘာ ၁၆ ရက်နေ့မှာ အမေရိကန်ဒေါ်လာ ၂၈ သန်းကျော် ထုတ်ရောင်းခဲ့ပါတယ်။

ဒီဇင်ဘာလ တလအတွင်းမှာတင် စစ်ကောင်စီဗဟိုဘဏ်ဟာ အမေရိကန်ဒေါ်လာ သန်း ဆယ်ဂဏန်းနဲ့အထက် လေးကြိမ် ထုတ်ရောင်းထားပါတယ်။ ဒီဇင်ဘာ ၂ ရက်မှာ ၃၈ သန်း၊ ၆ ရက်မှာ ၁၅ သန်း၊ ၁၂ ရက်မှာ ၂၈ သန်းခွဲနဲ့ ၁၆ ရက်နေ့မှာ ၂၈ သန်းစီ ထုတ်ရောင်းထားတာကြောင့် ဒီဇင်ဘာလဝက်မှာတင် အမေရိကန်ဒေါ်လာ ၁၀၉ သန်းခွဲ ထုတ်ရောင်းထားပါတယ်။

အလားတူပဲ တရုတ်ယွမ်ငွေကိုလည်း ဒီဇင်ဘာ ၂ ရက်နေ ၁၆ ရက်အတွင်းမှာ ၉ ကြိမ်ထုတ်ရောင်းထားပြီး စုစုပေါင်း ၉ ဒသမ ၄ သန်းကျော် ထုတ်ရောင်းထားပါတယ်။ အဲဒီကာလအတွင်းမှာ ထိုင်းဘတ်ငွေကိုတော့ ငါးကြိမ် အထိ ထုတ်ရောင်းထားပြီး စုစုပေါင်း ၃၀၉ သန်းကျော် ထုတ်ရောင်းထားပါတယ်။

လက်ရှိမှာတော့ ပြင်ပဈေးကွက်မှာ အမေရိကန်ဒေါ်လာဟာ ၄၃၅၀-၄၄၅၀ ကျပ် ဝန်းကျင်၊ ထိုင်းဘတ်က ၁၂၇-၁၃၁ ကျပ် ဝန်းကျင်၊ တရုတ်ယွမ်ငွေဟာ ၅၉၇-၆၁၃ ကျပ် ဝန်းကျင် ဈေးပေါက်နေပါတယ်။

ဗဟိုဘဏ်ရဲ့ အွန်လိုင်းပလက်ဖောင်းမှာတော့ တဒေါ်လာကို ၃၅၈၇ ကျပ်၊ ထိုင်းတဘတ် ၁၂၉.၅ ကျပ်၊ တရုတ်ယွမ်ကို ၅၃၆ ဒသမ ၈ ကျပ်နဲ့ ထုတ်ရောင်းထားတာဖြစ်လို့ ပြင်ပပေါက်ဈေးနဲ့ ဗဟိုဘဏ် အွန်လိုင်းပလက်ဖောင်းဈေးဟာ ဒေါ်လာအတွက် ၈၅၀ ကျပ်ဝန်းကျင် တရုတ်ယွမ်အတွက် ၆၀ ကျပ်ဝန်းကျင်သာ ကွာဟတော့ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းက နိုင်ငံခြားငွေဈေး ခုန်တက်သွားပြီး ပြင်ပပေါက်ဈေးနဲ့ ဗဟိုဘဏ်အွန်လိုင်း ပလက်ဖောင်းဈေးဟာ အဆမတန် ကွာဟခဲ့ရာကနေ အခုအခါ တဖြည်းဖြည်း ကွာဟမှု နည်းလာတာကို တွေ့ရပါတယ်။

တဖက်မှာလည်း စစ်ကောင်စီဟာ နိုင်ငံခြားငွေ ပြည်တွင်းကို ပိုမိုစီးဆင်းလာအောင် ပြည်ပရောက် အလုပ်သမားတွေ မဖြစ်နေ အခွန်ပေးဆောင်ခိုင်းတာ၊ ပြည်တွင်းမှာ ကျန်ခဲ့တဲ့ မိသားစုဆီ မိမိလစာရဲ့ ၂၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်သတ်မှတ်ဈေးနဲ့ ပြန်လွှဲခိုင်းတာတွေ လုပ်နေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013