ဒေါ်လာတွေ ဆက်တိုက် ထုတ်ရောင်းပြီး ဒေါ်လာဈေးကို ထိန်းချုပ်ဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်ဟာ ဒီဇင်ဘာ ၂ ရက် တရက်တည်းမှာပဲ အမေရိကန်ဒေါ်လာ ၃၈ သန်း၊ တရုတ်ယွမ် ၁ဒသမ၅ သန်း၊ ထိုင်းဘတ် ၁၀၇ သန်းစီ ထုတ်ရောင်းခဲ့ပါတယ်။
ပြင်ပဈေးကွက်မှာတော့ တဒေါ်လာ ၄၃၅၀-၄၄၅၀ ကျပ်၊ တယွမ် ၅၉၇-၆၁၃ကျပ်၊ တဘတ် ၁၂၆-၁၃၀ ကျပ် ဝန်းကျင် ပေါက်ဈေးရှိနေပါတယ်။ ဒါကြောင့် ပြင်ပပေါက်ဈေးနဲ့ ဗဟိုဘဏ်ပေါက်ဈေးကွာဟချက်ဟာ တဒေါ်လာ ကျပ် ၁၀၀၀ အောက် ကျလာပါတယ်။ ပြီးခဲ့ဩဂုတ်လတုန်းက ဒေါ်လာဈေး ခုန်တက်ပြီး တဒေါ်လာ ၇၀၀၀ အထိ ရောက်လာစဉ်က ဗဟိုဘဏ်ပေါက်ဈေးနဲ့ ပြင်ပဈေးဟာ တဒေါ်လာ ၃၅၀၀ ကျပ် ဝန်းကျင်အထိ ကွာခြားမှု ရှိခဲ့ပါတယ်။
“အခု လက်ရှိအနေအထား အရတော့ ဒေါ်လာဈေးက ငြိမ်နေဦးမယ်ထင်တယ်။ ဒီရက်ပိုင်း နည်းနည်းတောင် ကျရိပ်ပြသလိုရှိနေတယ်။ အရင်အပတ်ကနဲ့ ယှဉ်ရင် တဒေါ်လာ ၅၀ (ကျပ်)လောက် ကျသွားတယ်” လို့ ရန်ကုန်မြို့ရှိ ငွေလဲကောင်တာ လုပ်ငန်းရှင်တယောက်က ပြောပါတယ်။
နိုဝင်ဘာ နောက်ဆုံးအပတ်မှာ ဒေါ်လာဈေးဟာ တဒေါ်လာ ၄၄၀၀-၄၅၀၀ ဝန်းကျင်ရှိခဲ့ပြီး ဒီဇင်ဘာ ၃ ရက်မှာတော့ ဒေါ်လာဈေးဟာ တဒေါ်လာ ၄၃၅၀-၄၄၅၀ ဝန်းကျင် ရှိနေပါတယ်။
အခုလို ဒေါ်လာဈေး အကျဘက်မှာ ငြိမ်နေပေမဲ့ ဒေါ်လာဈေး မြင့်တက်မှုနဲ့အတူ ခုန်တက်ခဲ့တဲ့ ကုန်ဈေးနှုန်းတွေဟာ ပြန်လည်ကျဆင်းခြင်းမရှိဘဲ အမြင့်ဈေးမှာပဲ ရှိနေဆဲပါ။