၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ငွေကြေးဖောင်းပွမှုတွေနဲ့ ကုန်ဈေးနှုန်းအဆမတန်ကြီးမြင့်မှုတွေ ကြုံခဲ့ရသလို လာမယ့် ၂၀၂၅ မှာလည်း ဒီအတိုင်းဆက်သွားရင် ဆင်းရဲမွဲတွေမှုတွေနဲ့ ငတ်မွတ်ခေါင်းတဲ့ဘေးကို ရင်ဆိုင်ရနိုင်တယ်လို့ စီးပွားရေး ကျွမ်းကျင်သူတွေက ခန့်မှန်းထားပါတယ်။
ကမ္ဘာ့ဘဏ်ရဲ့ မြန်မာ့စီးပွားရေးစောင့်ကြည့်အစီအရင်ခံစာအရ လက်ရှိဘဏ္ဍာနှစ် ၂၀၂၅ ခုနှစ် မတ်လမှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးခန့်မှန်းချက်က ၁ ရာခိုင်နှုန်း ကျဆင်းသွားနိုင်တယ်လို့ ဒီဇင်ဘာ ၁၁ ရက်မှာ ခန့်မှန်း ထုတ်ပြန်ပါတယ်။
နိုင်ငံရဲ့ ထက်ဝက်ကျော်က တိုက်ပွဲတွေ၊ လက်နက်ကိုင်ပဋိပက္ခတွေ ရင်ဆိုင်နေရသလို သဘာဝဘေးဒဏ်တွေ ရင်ဆိုင်ခဲ့ရတဲ့ မြန်မာနိုင်ငံအတွက် လွန်ခဲ့တဲ့ ၆ လက စီးပွားရေးတိုးတက်နှုန်း ခန့်မှန်းချက်ထက် ပိုလျော့နည်းသွားတာ ဖြစ်ပါတယ်၊
မြန်မာ့စီးပွားရေးတိုးတက်နေတယ်လို့ စစ်ခေါင်းဆောင်က ပြောနေပေမဲ့ လက်တွေ့မှာတော့ တိုင်းပြည်စီးပွားရေးစံချိန်တင် ကျဆင်းနေသလို ငွေကြေးဖောင်းပွမှုတွေကလည်း တစထက်တစ မြင့်တက်လာတဲ့အတွက် ပြည်သူတွေက ကုန်ဈေးနှုန်းကြီးမြင့်မှုကို အဆမတန်ခံစားနေရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ဩဂုတ်မှာ အမေရိကန်တဒေါ်လာကို ၃၄၃၀ ကျပ်သာပေါက်ဈေးရှိခဲ့ပေမဲ့ အခုနှစ် ၂၀၂၄ ဩဂုတ်မှာတော့ တဒေါ်လာကို ကျပ် ၇၀၀၀ ထိ ပေါက်ဈေးရှိခဲ့ပါတယ်။
ဒီအချက်အလက်တွေကို ကြည့်ခြင်းအားဖြင့် ငွေကြေးဖောင်းပွမှုက ၂ ဆ မြင့်တက်လာတာဖြစ်ပြီး hyperinflation လို့ ခေါ်တဲ့ အလွန်အမင်း ငွေကြေးဖောင်းပွတာကို ပြည်သူတွေ ခံစားခဲ့ရတာပါ။
တိုင်းပြည်ရဲ့ အခြေအနေတွေက ဒီတိုင်းဆက်လက်ရှိနေဦးမယ်ဆိုရင် ငတ်မွတ်ခေါင်းပါးတဲ့ ဘေးကိုပါ ရင်ဆိုင်ရနိုင်တယ်လို့ စီးပွားရေး လေ့လာသုံးသပ်သူတယောက်က ပြောပါတယ်။
“အဆမတန်ဆိုတဲ့နေရာမှာ hyperinflation တောင် ပြောလို့ရတယ်ပေါ့။ အခုဟာက ပြည်တွင်းစစ်ကြောင့် ပျက်စီးတာတွေရော၊ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးတာတွေရော တမင်သက်သက် လမ်းတံတားဂိတ်တွေမှာ ပိတ်ပြီး ငွေကြေးတောင်းတာတွေ၊ စက်သုံးဆီဈေးတွေ မြင့်တက်တာတွေ၊ လျှပ်စစ်မီးပျက်တာတွေ ပေါ်တာဆွဲတာတွေ ပြန်ပေးဆွဲတာတွေ စသဖြင့် များစွာသော အချက်တွေကြောင့် ပြည်သူလူထုဟာ တချို့က အသက်မရှူနိုင်လောက်အောင် မလှုပ်နိုင်လောက်အောင် ကျပ်တည်းတဲ့အခြေအနေတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။ ဒီလို အခြေအနေဆိုးတွေက မရပ်သွားဘူး၊ ရှေ့ဆက်ဖြစ်နေမယ် ဆိုရင်တော့ ပြည်သူလူထုအများစုက အငတ်ဘေးတွေနဲ့ ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။”
ကမ္ဘာ့ဘဏ်က ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာတော့ ကုန်ကြမ်းပြတ်လပ်မှု လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုနဲ့ ပြည်တွင်းဝယ်လိုအား နည်းမှုတွေကြောင့် စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်ရေးနဲ့ ဝန်ဆောင်မှုကဏ္ဍတွေက ဆက်လက် ကျဆင်းနေမှာဖြစ်တယ်လို့ ဆိုထားပါတယ်။
ဒါ့အပြင် ငွေကြေးဖောင်းပွမှုကလည်း ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ဘဏ္ဍာနှစ်ထက် အနည်းငယ်ကျလာပြီး ပျမ်းမျှ ၂၆ ရာခိုင်နှုန်းမှာ ဆက်ရှိနေဖို့ မျှော်လင့်ထားတယ်လို့ ဖော်ပြပါတယ်။
ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ဖို့ စစ်ကောင်စီဗဟိုဘဏ်က ၂၀၂၄ တနှစ်တည်းမှာပဲ နိုင်ငံခြားငွေကြေးကို ၁၈၂ ကြိမ်ထုတ်ရောင်းခဲ့တာမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံ၊ တရုတ်ယွမ် ၁၇၃ သန်းနဲ့ ထိုင်းဘတ် ၅ ဘီလီယံ ရောင်းချခဲ့တာကြောင့် လက်ရှိ ဒေါ်လာဈေးက တဒေါ်လာကို ကျပ် ၄၄၀၀ ဝန်းကျင်ထိ ကျဆင်းခဲ့ပါတယ်။
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ဧပြီလကနေ အောက်တိုဘာ ၂၅ ရက်အထိ မြန်မာနိုင်ငံရဲ့ ပြည်ပပို့ကုန်တန်ဖိုးက အမေရိကန်ဒေါ်လာ ၈ ဒသမ ၅ ဘီလီယံနဲ့ သွင်းကုန်တန်ဖိုးမှာ ဒေါ်လာ ၆ ဒသမ၉ ဘီလီယံ၊ စုစုပေါင်း ပြည်ပကုန်သွယ်မှုတန်ဖိုးမှာ ဒေါ်လာ ၁၅ ဒသမ ၄ ဘီလီယံကျော်ရှိခဲ့ ကြောင်း စစ်ကောင်စီရဲ့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနစာရင်းတွေအရ သိရပါတယ်။
ပြည်ပကို စိုက်ပျိုးရေးထွက်ကုန်တင်ပို့မှုအနေနဲ့ ပင်လယ်ရေကြောင်းကနေ ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံနဲ့ နယ်စပ်ကနေ ဒေါ်လာ ၄၄၆ သန်း၊ စုစုပေါင်း ဒေါ်လာ ၂ ဒသမ ၇၅ ဘီလီယံဖိုး တင်ပို့နိုင်ခဲ့တယ်လို့ ဆိုထားပါတယ်။
လက်ရှိ နယ်စပ်ဂိတ်တွေအားလုံးနီးပါးပိတ်ထားတဲ့အခြေအနေမှာ ပို့ကုန် ပမာဏက သွင်းကုန်ပမာဏထပ် ကျော်လွန်နေပြီး ကုန်သွယ်မှု ပိုငွေဖြစ်နေတာ မဖြစ်နိုင်ကြောင်းကိုလည်း ပို့ကုန် သွင်းကုန် ကျွမ်းကျင် စီးပွားရေးရှင်တယောက်က သုံးသပ်ပါတယ်။
“Export ဒေတာတွေကများပြီး import တွေက နည်းနေတယ်ဆိုတာ ကျနော့်အနေနဲ့ကတော့ မဖြစ်နိုင်ဘူးထင်တယ်။ အခုအခြေအနေနဲ့ Export က ပို့နိုင်ဖို့က မလွယ်တာလေ သူတို့ရဲ့ inflated figure တွေပဲဖြစ်မယ်၊ import minus export ဆို trade surplus (ကုန်သွယ်မှုပိုငွေ) တောင် ထွက်နေပြီ။ တကယ်တမ်း အဲဒီလိုဖြစ်နိုင်ခြေ အရမ်းနည်းတယ်။ Export ကတော့ deficit ( ကုန်သွယ်မှုလိုငွေ) ပြမယ်လို့ ကျနော်ထင်တယ်။ Export မှ မရှိတာ၊ တရားဝင်လမ်းကြောင်း ကုန်းတွင်းကနေတော့ Export ပို့နိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ သူတို့က စီးပွားရေး တိုးတက်နေပါတယ်။ ပို့ကုန်သွင်းကုန်တွေလည်း တိုးလာနေပါတယ်ဆိုတာ ပြချင်တဲ့ inflated figure တွေပဲ ဖြစ်မယ်လို့ ကျနော်တော့ယူဆပါတယ်။”
ဆင်းရဲမွဲတေမှုနှုန်းက ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်မှာ ၃၂ ရာခိုင်နှုန်းရှိခဲ့ပြီး NLD အစိုးရလက်ထက် ၂၀၁၉ ခုနှစ်အထိမှာတော့ ၉ ဒသမ ၁၇ ရာခိုင်နှုန်းထိကို ကျဆင်းခဲ့ပါတယ်။ အခု စစ်အာဏာသိမ်း ၄ နှစ်တာ ကာလမှာတော့ ဆင်းရဲမွဲတေမှုက ၃၂ ဒသမ ၁ ရာခိုင်နှုန်းကို ပြန်တက်သွားနိုင်ကြောင်း ကမ္ဘာ့ဘဏ်အညွှန်းကိန်းတွေက ဖော်ပြနေပါတယ်။
မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအများဆုံးဖြစ်တဲ့ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်မှုတန်ဖိုး ၂၀၂၃ နဲ့ နှိုင်းယဉ်ရင် ဒေါ်လာ ၁ ဘီလီယံကျော် လျော့နည်းသွားတာကို တွေ့ရပါတယ်။
မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar)ကလည်း အာဏာသိမ်း ၄ နှစ်တာမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေက နှစ်စဉ် ကျဆင်းလာတယ်လို့ ဆိုထားပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုစုစုပေါင်းရဲ့ ၅၂ ရာခိုင်နှုန်းက တရုတ်နိုင်ငံက ဖြစ်ပြီး စွမ်းအင်ကဏ္ဍနဲ့ ဖြစ်တယ်လို့ ISP က ထုတ်ပြန်ထားပါတယ်။
ISP- Myanmar ပြင်ပဆက်ဆံဆက်သွယ်ရေးဌာန ဒါရိုက်တာ ဦးအောင်သူငြိမ်းက “မြန်မာနိုင်ငံမှာကလေ အာဏာသိမ်းပြီးကတည်းက business environment ပေါ့ စီးပွားရေး လုပ်သာကိုင်သာဝန်းကျင်ဟာ မရှိသလောက်ဖြစ်သွားတယ်ဆိုတော့ အဲဒီအချိန်မှာ ကျန်တာက တရုတ်ပဲ ကျန်တော့တယ်။ အထူးသဖြင့် ဆိုးတာက ဂျပန် စီအီးအိုတယောက်ကို ဖမ်းလိုက်တဲ့ ကိစ္စပေါ့။ business confident လို့ ခေါ်တာပေါ့။ ရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်မှု ကျဆင်းသွားတာပေါ့။ ရွေးကောက်ပွဲ ဒါမှမဟုတ် နိုင်ငံရေးအပြောင်းအလဲ တခုခုဖြစ်မှ ပြောင်းလဲလာမယ်လို့ ထင်ပါတယ်။ အခုအနေအထားတော့ တော်တော်ပြောရခက်ပါတယ်။ နောက် အင်စတူကျူးရှင်းလို့ ခေါ်တဲ့ စနစ်တွေကလည်း အတော်အရေးကြီးတယ်။ အဲဒါတွေလည်း မြန်မာနိုင်ငံမှာ ရှိမနေဘူး။ ကျနော်တို့ မြန်မာနိုင်ငံမှာ ဆင်းရဲတဲ့ကိစ္စတွေ ပိုဖြစ်လာမယ် သဘာဝပတ်ဝန်းကျင်ဘေးတွေ ပိုဖြစ်လာမယ်။ အဲဒါဆိုရင် ကြံ့ကြံ့ခံနိုင်မှုက ကျသွားမယ်လို့ ထင်ရတယ်၊ ပိုပြီးတော့လည်း စိုးရိမ်ဖွယ်ရှိပါတယ်”လို့ ပြောပါတယ်။
လာမယ့် ၂၀၂၅ ခုနှစ်မှာလည်း လူထုရဲ့ ကျပ်တည်းမှုတွေက ဆက်လက်ရှိနေဦးမှာဖြစ်ပြီး ဆင်းရဲမွဲတေမှုနဲ့ ငတ်မွတ်ခေါင်းပါးမှုတွေက တိုးလာနေဦးမှာ ဖြစ်တယ်လို့ စီးပွားရေးစောင့်ကြည့်လေ့လာသူတွေက တသမတ်တည်း မှတ်ချက်ပြုကြပါတယ်။
ကမ္ဘာ့ဘဏ်ရဲ့ ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံဌာနေညွှန်ကြားရေးမှူး မာလင်ဒါဂွတ်က “မြန်မာနိုင်ငံရဲ့ စီးပွားရေးအပေါ်မှာ လတ်တလော ရင်ဆိုင်ခဲ့ရတဲ့ သဘာဝဘေးနဲ့ ပဋိပက္ခအခြေအနေတွေက ကြီးကြီးမားမား သက်ရောက်ခဲ့တာကြောင့် အိမ်ထောင်စုတွေက ကုန်ဈေးနှုန်းတက်တဲ့ ဒဏ်နဲ့ လုပ်သားဈေးကွက် အားနည်းမှုဒဏ်ကို ခါးစည်းခံနေကြရတယ်” လို့ ပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့ ဇွန်လတုန်းကတော့ မြန်မာ့စီးပွားရေးဟာ ၂၀၂၅ ခုနှစ်၊ မတ်လမှာ ကုန်ဆုံးမယ့် ဘဏ္ဍာရေးနှစ်အတွင်း ၁ ရာခိုင်နှုန်း တိုးလာနိုင်တယ်လို့ ကမ္ဘ့ာဘဏ်က ခန့်မှန်းခဲ့သလို တချိန်တည်းမှာပဲ ဆင်းရဲမွဲတေမှုနဲ့ အကြမ်းဖက်မှုတွေ တိုးမြင့်လာနိုင်တယ်လို့ သတိပေးထားခဲ့တာပါ။
ဝေဝေ