Home
မြန်မာသတင်း
မြန်မာ့စီးပွားရေး ၁ ရာခိုင်နှုန်းကျဆင်းမည်ဟု ကမ္ဘာ့ဘဏ်ခန့်မှန်း
DVB
·
December 12, 2024
Photo: REUTERS/Stringer/File Photo

လက်ရှိဘဏ္ဍာနှစ်မှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ ၁ ရာခိုင်နှုန်း ကျဆင်းသွားနိုင်တယ်လို့ ကမ္ဘာ့ဘဏ်က ဒီဇင်ဘာ ၁၁ ရက်မှာ ခန့်မှန်းထုတ်ပြန်လိုက်ပါတယ်။ 

ဒါဟာ တိုက်ပွဲတွေနဲ့ လက်နက်ကိုင်ပဋိပက္ခတွေ ရင်ဆိုင်နေရသလို သိပ်မကြာခင်တုန်းကမှ ရေကြီးရေလျှံဘေးဒဏ်တွေ ကြုံတွေ့ခဲ့ရပြီး စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံအတွက် လွန်ခဲ့တဲ့ ၆ လက စီးပွားရေးတိုးတက်နှုန်း ခန့်မှန်းချက်ထက် ပိုလျော့နည်းနေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လတုန်းကတော့ မြန်မာ့စီးပွားရေးဟာ ၂၀၂၅ ခုနှစ်၊ မတ်လမှာ ကုန်ဆုံးမယ့် ဘဏ္ဍာရေးနှစ်အတွင်း ၁ ရာခိုင်နှုန်း တိုးလာနိုင်တယ်လို့ ကမ္ဘ့ာဘဏ်က ခန့်မှန်းခဲ့သလို တချိန်တည်းမှာပဲ ဆင်းရဲမွဲတေမှုနဲ့ အကြမ်းဖက်မှုတွေ တိုးမြင့်လာနိုင်တယ်လို့ သတိပေးထား ခဲ့တာပါ။

၂၀၂၁ ခုနှစ်မှာ စစ်အာဏာသိမ်းမှုက မြန်မာနိုင်ငံမှာ ဆယ်စုနှစ်တခုကြာ ဒီမိုကရေစီနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုကို ရုတ်တရက် အဆုံးသတ်သွားခဲ့ရပြီး ရင်းနှီးမြှုပ်နှံသူတွေကို နိုင်ငံတွင်းက နုတ်ထွက်စေကာ ပိတ်ဆို့အရေးယူမှုတွေနဲ့အတူ နိုင်ငံ့စီးပွားရေး ကုန်သွယ်မှုကို အနှောင့်အယှက်ဖြစ်စေခဲ့တယ်လို့လည်း ဆိုပါတယ်။

လတ်တလော ကမ္ဘာ့ဘဏ်က ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာတော့ မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခအဆင့်နဲ့ ပြင်းထန်မှုမှာ မြင့်မားနေဆဲဖြစ်ပြီး လူနေမှုဘဝတွေနဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေကို ဆိုးရွားစွာထိခိုက်စေတာ၊ ကုန်ထုတ်လုပ်မှုနဲ့ ထောက်ပံ့ရေး ကွင်းဆက်တွေကို အနှောင့်အယှက်ဖြစ်စေတာတွေအပြင် စီးပွားရေဖွံ့ဖြိုးတိုးတက်မှု အလားအလာနဲ့ ပတ်သက်ပြီးတော့ မသေချာ မရေရာမှုတွေ မြင့်တက်လာတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ကုန်ထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှုကဏ္ဍတွေမှာလည်း ကုန်ကြမ်းပြတ်တောက်မှု၊ သွင်းအားစုတွေနဲ့ လျှပ်စစ်ဓာတ်အား၊ ပြည်တွင်းဝယ်လိုအား အားနည်းမှု၊ ပဋိပက္ခနဲ့ စီးပွားရေး မသေချာ မရေရာမှုတွေရဲ့ အကျိုးသက်ရောက်မှုတွေကြောင့် ဆက်လက်ပြီးတော့ ကျဆင်းနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

တိုက်ပွဲနဲ့ လက်နက်ကိုင်ပဋိပက္ခတွေရဲ့ နောက်ဆက်တွဲ ငွေကြေးဖောင်းပွမှုနဲ့ ထောက်ပံ့ရေး ပြတ်တောက်မှုတွေကြောင့် မြန်မာနိုင်ငံလူဦးရေ ၅၅ သန်းရဲ့ ၂၅ ရာခိုင်နှုန်းလောက်ဟာလည်း ပြင်းထန်တဲ့ စားနပ်ရိက္ခာမလုံလောက်မှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ ကမ္ဘာ့ဘဏ်က ပြောပါတယ်။

ငွေကြေးဖောင်းပွမှုကလည်း ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ဘဏ္ဍာနှစ်ရဲ့ ၂၇ ဒသမ ၅ ရာခိုင်နှုန်းထက် အနည်းငယ်နိမ့်ကျနေပြီး ပျမ်းမျှ ၂၆ ရာခိုင်နှုန်းမှာ ဆက်ရှိနေဖို့ မျှော်လင့်ထားတယ်လို့လည်း ဖော်ပြပါတယ်။

ဒါ့အပြင် လက်နက်ကိုင် ပဋိပက္ခနဲ့ တိုက်ပွဲတွေဟာ မြန်မာနိုင်ငံ မြို့နယ်ပေါင်း ၃၃၀ ရဲ့ ထက်ဝက်ကျော်မှာ ဖြစ်ပွားနေပြီး လူပေါင်း ၃ သန်းခွဲလောက်ကို အိုးမဲ့အိမ်မဲ့ ဖြစ်စေခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားသလို ဆက်လက်ပြီးတော့ ဒီပဋိပက္ခတွေထပ်ပြီး တိုးမလာဘူးဆိုရင်တောင် တိုးတက်မှုက နောက်နှစ်မှာ ဆက်လက်ပြီးတော့ နိမ့်ကျနေနိုင် သေးတယ်လို့ ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013