
ပြင်သစ်သမ္မတ အီမန်နျူယယ် မက်ခရွန်ဟာ မက်ယော့ထ်ကျွန်းပေါ်မှာ ဆိုင်ကလုန်းမုန်တိုင်းရဲ့ နောက်ဆက်တွဲ အခြေအနေအပေါ် တုံ့ပြန်မှုနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ ဒီဇင်ဘာ ၁၆ ရက်မှာ ဝန်ကြီးတွေ၊ အရေးပေါ်နဲ့ လုံခြုံရေးအရာရှိတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
အရေးပေါ်လုပ်သားတွေဟာ ဒီဇင်ဘာ ၁၆ ရက်မှာ အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေခဲ့ကြပါတယ်။
အိန္ဒိယသမုဒ္ဒရာထဲက ကျွန်းစုတွေကို ဝင်ရောက်တိုက်ခတ်တဲ့ ရာစုနှစ်တခုနီးပါးအတွင်း အဆိုးရွားဆုံး ဆိုင်ကလုန်းမုန်တိုင်းကြောင့် လူပေါင်း ရာထောင်ချီ သေဆုံးမှာကို စိုးရိမ်နေတာပါ။
ဒီဇင်ဘာ ၁၆ ရက်အထိ သေဆုံးသူ အယောက် ၂၀ ကို အတည်ပြုခဲ့ပေမဲ့ လူထောင်ချီ သေဆုံးနိုင်တယ်လို့ ဒေသခံ အုပ်ချုပ်ရေးမှူးကို ကိုးကားပြီး ဘီဘီစီသတင်းဌာနက ဖော်ပြပါတယ်။
ကျွန်းပေါ်က လူ ၃၂၀,၀၀၀ ဝန်းကျင်ထဲမှာ အယောက် ၁၀၀,၀၀၀ ကျော်က အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူတွေ ဖြစ်နေတာမို့ သေဆုံးသူအရေအတွက်ကို အတည်ပြုဖို့ ခက်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ပြင်သစ်နိုင်ငံရဲ့ အဆင်းရဲဆုံး ပင်လယ်ရပ်ခြား နယ်မြေဖြစ်တဲ့ မက်ယော့ထ်ကျွန်းပေါ်မှာ ဝန်ဆောင်မှုတွေ ပြန်ရဖို့ ကြိုးပမ်းခဲ့ကြပါတယ်။
ဆိုင်ကလုန်း ချီဒိုဟာ သီတင်းပတ်ကုန်ရက်က အာဖရိက အရှေ့ခြမ်းက ကျွန်းစုရဲ့ အစိတ်အပိုင်း အများအပြားကို လေတိုက်နှုန်း တနာရီ ၁၂၄ မိုင်ကျော်နဲ့ တိုက်ခတ်ခဲ့ပါတယ်။
ဒါကြောင့် တောင်စောင်းတွေပေါ်ကအိမ်တွေ လွင့်ထွက်ခဲ့ပြီး ဖုန်းနဲ့၊ လျှပ်စစ်မီးလိုင်းတွေ ပြတ်တောက်ခဲ့သလို သောက်ရေတွေလည်း ပြတ်လပ်ခဲ့ပါတယ်။
မက်ယော့ထ်ကျွန်းပေါ်က လူဦးရေ ၃၂၁,၀၀၀ ရဲ့ လေးပုံသုံးပုံကျော်ဟာ ကျန်သူတွေနဲ့နှိုင်းရင် ဆင်းဆင်းရဲရဲ နေထိုင်ကြပါတယ်။
စာရင်းအင်းအေဂျင်စီ INSEE ရဲ့ ၂၀၂၁ ကိန်းဂဏန်းတွေအရ မက်ယော့ထ်ကျွန်းသား တယောက်ဟာ တနှစ် ပျမ်းမျှဝင်ငွေ အမေရိကန်ဒေါ်လာ ၃,၁၅၀ ကျော်သာရှိပြီး ပါရီမြိုတဝိုက်က ဒေသခံတွေရဲ့ ဝင်ငွေနဲ့စာရင် ရှစ်ပုံတပုံထိ လျော့နည်းပါတယ်။
Source : Reuters