
ခရစ္စမတ်ရာသီအတွက် ကမ္ဘာ့အကြီးဆုံး မိုးလုံလေလုံ ရေခဲပြင်စကိတ်ကွင်းကို ဒီဇင်ဘာ ၁၄ ရက်က ပါရီမြို့မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။
အဲဒီကွင်းဟာ စတုရန်းမီတာ ၃,၀၀၀ အထိ ကျယ်ဝန်းပြီး ကမ္ဘာပေါ်မှာ အကြီးမားဆုံး ယာယီရေခဲပြင် စကိတ်ပြေးလမ်း ဖြစ်တယ်လို့လည်း ဆိုပါတယ်။
၂၀၂၄ ခုနှစ် ပါရီအိုလံပစ်ပြိုင်ပွဲအတွင်း ဓားရေးပွဲစဉ်တွေ ကျင်းပခဲ့တဲ့ Grand Palais ပြတိုက်နေရာမှာ အခုလိုမျိုး ရေခဲပြင်စကိတ်ကွင်းတခု ဖန်တီးပေးခဲ့တာပါ။
လာမယ့် ၂၀၂၅ ဇန်နဝါရီ ၈ ရက်နေ့ မတိုင်ခင်အထိ ဖွင့်လှစ်ပေးသွားဖို့ ရှိပေမဲ့ အဲဒီနောက်မှာတော့ ပြန်လည်ဖြိုဖျက်သွားမှာ ဖြစ်ပါတယ်။
ကွင်းဝင်ကြေးအဖြစ် အရွယ်ရောက်ပြီးသူတွေအတွက် ယူရို ၃၀ နဲ့ အသက် ၁၀ နှစ်အောက် ကလေးတွေအတွက် ၂၀ ယူရိုဆိုပြီး သတ်မှတ်ထားတဲ့အပြင် စကိတ်စီးဖိနပ်ငှားခပါ အပါအဝင်ဖြစ်ကြောင်း သိရပါတယ်။
ယာယီမဟုတ်တဲ့ ကမ္ဘာ့အကြီးမားဆုံး ရေခဲပြင်ပြေးလမ်းဟာ ကနေဒါမြို့တော် အော်တဝါမှာ တည်ရှိပြီး ၄ ဒသမ ၈ မိုင်အထိ ရှည်လျားတဲ့အတွက် အိုလံပစ်အရွယ်အစား စကိတ်ကွင်းပေါင်း ၉၀ နဲ့ ညီမျှပါတယ်။
Rideau အမည်ရ ဒီသမိုင်းဝင်တူးမြောင်းဟာ နှစ်စဉ်နှစ်တိုင်း ရေခဲလေ့ရှိတာကြောင့် စကိတ်ကွင်းအဖြစ် မြို့တော်တလျှောက် စီးနင်းနိုင်တာ ဖြစ်ပါတယ်။
Source : Reuters