အာဆတ်အစိုးရကို ဖြုတ်ချပြီး ဆီးရီးယားကိုထိန်းချုပ်လိုက်တဲ့ HTS တော်လှန်ရေးတပ်ဖွဲ့နဲ့ တိုက်ရိုက်ဆက်သွယ်နေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် က ပြောကြားလိုက်ပါတယ်။
အမေရိကန်က အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားဆဲဖြစ်တဲ့ ဟာယက်တဟီရာအယ်လ်ရှမ် (HTS) နဲ့ တိုက်ရိုက်ဆက်သွယ်မှု ရှိနေကြောင်း ပထမဆုံးအကြိမ် အသိအမှတ်ပြုလိုက်တာ ဖြစ်ပါတယ်။
ဂျော်ဒန်ကို ရောက်နေတဲ့ ဘလင်ကန်က အာရပ်နိုင်ငံတွေ၊ တူရကီနဲ့ ဥရောပနိုင်ငံတွေက ကိုယ်စားလှယ်တွေနဲ့ ဆီးရီးယားရဲ့အနာဂတ်အကြောင်း ဆွေးနွေးအပြီးမှာ ဒီကိစ္စကို အတည်ပြုခဲ့တာဖြစ်ပါတယ်။
အဲဒီ ဆွေးနွေးပွဲမှာ ဆီးရီးယားနိုင်ငံရဲ့ ငြိမ်းချမ်းတဲ့အသွင်ကူးပြောင်းရေးကို ထောက်ခံကြဖို့ သဘောတူခဲ့ကြပြီး၊ ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီးက ဒေသတွင်းနိုင်ငံတွေဟာ ဆီးရီးယားကို "ရှုပ်ထွေးမှုတွေထဲ ကျရောက်သွားတာ" မမြင်ချင်ကြောင်း ပြောကြားခဲ့ပါတယ်။
လွန်ခဲ့တဲ့တပတ်က ဆီးရီးယားမှာ အာဆတ်မိသားစုရဲ့ နှစ်ပေါင်း ၅၀ အုပ်ချုပ်မှု အဆုံးသတ်ခဲ့ပြီး HTS ခေါင်းဆောင်က အရင်က တော်လှန်ရေးထိန်းချုပ်နယ်မြေ အစ်ဒလစ်ဘ်ပြည်နယ် အစိုးရကို ဦးဆောင်တဲ့ မိုဟာမက်အယ်လ်ဘာရှား ကို ဆီးရီးယားရဲ့ ကြားဖြတ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။
ဆီးရီးယားမှာ နှစ်ပေါင်း ၁၃ နှစ်ကြာ ပြည်တွင်းစစ်အတွင်း လူပေါင်း ၅ သိန်းကျော် သေဆုံးခဲ့ပြီး၊ သန်းနဲ့ချီတဲ့ ပြည်သူတွေ နေရပ်စွန့်ခွာခဲ့ရပါတယ်။
Source: Reuters