ပိုလန်ဟာ MQ-9B စကိုင်းဂါးဒီးယန်းဒရုန်းတွေ ဝယ်ယူဖို့အတွက် ဂျန်နရယ်လ် အက်တောမစ် အမေရိကန်ကုမ္ပဏီနဲ့ အမေရိကန်ဒေါ်လာ ၂၉၅ သန်းတန်စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း ပိုလန်ကာကွယ်ရေးဝန်ကြီး ဗွာဒစ်စ်ဝါ့ဖှ်ကိုစီနိယာ့ခ်ကာမက်ရှ်က ဒီဇင်ဘာ ၁၂ရက်မှာ ပြောကြားခဲ့ပါတယ်။
ခေတ်မီနည်းပညာဖြစ်တဲ့ ဒီဒရုန်းဟာ နာရီ ၂၀ ဝန်းကျင်ထိ ပျံသန်းနိုင်ပြီး အဓိက ကင်းထောက် လုပ်ဆောင်ချက်တွေကို ရည်ရွယ်ထားတယ်လို့ ပိုလန်ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။
လိုအပ်ရင် ထိထိရောက်ရောက် ပျံသန်းနိုင်ပြီး ဒီဒရုန်းမှာ မယုံနိုင်လောက်စရာ ကင်းထောက်နိုင်စွမ်းရှိပါတယ်လို့လည်း ဆိုပါတယ်။
ကြီးမားတဲ့ အသုံးစရိတ်လို့ ဆိုရပေမယ့်အရည်အသွေး အမြင့်မားဆုံး စက်ကိရိယာဖြစ်တာကြောင့် အကောင်းဆုံး စက်ပစ္စည်းတွေကို ရင်းနှီးမြှုပ်နှံတာ ဖြစ်ပါတယ်လို့ ဝန်ကြီးကပြောပါတယ်။
ယူကရိန်းပဋိပက္ခကြားမှာပဲ ပိုလန်ဟာ စက်ကိရိယာနဲ့ လက်နက်တွေ အများအပြား ဝယ်ယူမှုတွေ ပြုလုပ်နေပြီး ၂၀၂၅ မှာ ကာကွယ်ရေးအသုံးစရိတ်ဟာ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး ဂျီဒီပီ ရဲ့ ၄ ဒသမ ၇ ရာခိုင်နှုန်းကို ရောက်ရှိဖို့ သတ်မှတ်ထားပါတယ်။
အမေရိကန်ဒရုန်းတွေကို ၂၀၂၇ ခုနှစ် ပထမ ၃ လပတ်မှာ ပိုလန်ကို ပို့ဆောင်မှာဖြစ်ပြီး စစ်တပ်ဟာ လက်ရှိမှာ စက်ပစ္စည်းအဟောင်းဗားရှင်းကို ငှားရမ်းထားတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
Source: Reuters