စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ စစ်ကောင်စီယာဥ်တန်းကို ဒီဇင်ဘာ ၁၁ ရက်၊ မနက် ၁၀ နာရီဝန်းကျင်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးခဲ့ပြီး စစ်ကားတွေပျက်စီးခဲ့တယ်လို့ မုံရွာခရိုင်အမှတ် ၁၂ တပ်ရင်း၊ တပ်ခွဲ ၃ (လျှပ်စီးတပ်ခွဲ) ပြောပါတယ်။
လျှပ်စီးတပ်ခွဲရဲ့ပြန်ကြားတာဝန်ခံက “မုံရွာနမခထဲကနေ သံပြားကာကား ၄ စီးထွက်လာတာကို ကင်းထောက်ရဲဘော်တွေက သတင်းပို့လို့ လမ်းကနေကြိုစောင့်ပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တာ” လို့ ပြောပါတယ်။
အဆိုပါစစ်ကောင်စီယာဥ်တန်းဟာ မုံရွာကားလမ်းမကြီးအတိုင်း မုံရွာမြို့ကနေ မန္တလေးမြို့ဘက်ကို ထွက်လာစဥ် ချောင်းဦးမြို့အရှေ့ဘက် ချောင်းဦး-မြင်းမူလမ်းပိုင်းပေါ်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“ရှေ့ထွက်မိုင်း ၆ လုံး၊ ပဒေသာမိုင်း ၉ လုံးတွဲစုစုပေါင်းမိုင်း ၁၅ လုံးနဲ့ တိုက်ခိုက်ခဲ့တာပါ။ စစ်ကား ၄ စီးထဲက ၂ စီးကတော့ လုံးဝပျက်စီးသွားလို့ မိုင်းဆွဲခံရတဲ့ အဲ့ဒီနေရာမှာပဲ ထားခဲ့ကြတယ်။ ဒဏ်ရာမရတဲ့ တချို့ကောင်တွေက ကျန်တဲ့ကား ၂ စီးနဲ့ သေတာက ၇ ယောက် ဒဏ်ရာရတဲ့သူက ၁ ယောက်ကိုတင်ပြီး သူတို့အဖွဲ့တွေရှိတဲ့ နတ်ရေကန်ဂိတ်ကိုသွားပေါင်းပြီးတော့ စစ်ကိုင်းဘက်ကို ဆက်ထွက်သွားတယ်လို့ သိရတယ်ဗျ” လို့ လျှပ်စီးတပ်ခွဲမှ တပ်ခွဲမှူး ဗိုလ်မိုးကြိုး က DVB ကို ပြောပါတယ်။
မိုင်းဆွဲတိုက်ခိုက်မှုကိုတော့ မုံရွာခရိုင်အမှတ် ၁၂ တပ်ရင်း၊ တပ်ခွဲ ၃ (လျှပ်စီးတပ်ခွဲ) နဲ့အတူ မဟာမိတ်တပ်ဖွဲ့တွေဖြစ်ကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Seven People Defence Force (ပြည်သူ့ တော်လှန်ရေးတပ်)နဲ့ Eleven People Defence Force တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ သိရပါတယ်။
တိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းတစုံတရာထုတ်ပြန်လာတာ မတွေ့ရသလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးမှုအပေါ် DVB အနေနဲ့လည်း သီးခြားအတည်မပြုနိုင်သေးပါဘူး။