ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ် အရှေ့ဘက်ရှိ ပဲခူးရိုးမအစပ်က ဆီဆုံကုန်းကျေးရွာသို့ ဝင်ရောက်စီးနင်းဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံ တော်လှန်ရေးတပ်ဖွဲ့တွေတိုက်ပွဲ ပြင်းထန်နေဖြစ်ပွားနေပါတယ်။
ဒီဇင်ဘာ ၈ ရက်က စတင်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား အများအပြားနဲ့ ထိုးစစ်ဆင်လာလို့ ဆီဆုံးကုန်းရွာနားမှာ စတင်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ဒီဇင်ဘာ ၁၁ ရက်အထိ တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တဖွဲ့ဖြစ်တဲ့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁ တပ်ရင်းမှူး ဗိုလ်မိုးကြိုးက ပြောပါတယ်။
“ရွာထဲကို မဝင်နိုင်အောင်ကာကွယ်နေပါတယ်။ တိုက်ပွဲက ဆက်ဖြစ်နေတုန်းပါ၊ စစ်တပ်ဘက်ကတော့ ဒရုန်းတွေ၊ လက်နက်ကြီးလက်နက်ငယ်တွေနဲ့နေ့တိုင်းပစ်နေတုန်းပါ။”
အဆိုပါတိုက်ပွဲမှာ တပ်ရင်း ၃၈၀၁ တပ်ခွဲ ၂ Phoenix DF တပ်ခွဲ ၄ BRA ၊ တပ်ခွဲ ၆ ဧရာညီနောင် အဖွဲ့တွေက ရဲဘော်တွေပူးပေါင်းတိုက်ခိုက်နေပြီး စစ်ကောင်စီတပ်ဘက်က အကျဆုံးရှိတယ်လို့ ဗိုလ်မိုးကြိုးကဆက်လက်ပြောဆိုပါတယ်။
“တိုက်ပွဲအခြေနေက ကောင်းပါတယ်။ ဆီဆုံကုန်းကို ချီတတ်လာတာ ရွာမရောက်ခင် တောင်ညိုကွက်သစ်က အထွက် စနိုက်ပါနဲ့ပစ်တာတယောက်သေသွားတာတယ်၊ တိုက်ပွဲအတွင်း လက်လုပ် မမ တွေနဲ့ပြန်ပစ်တာ။ ရှေ့ဆက်တက်မလာနိုင်ဘူး ။ တော်တော်အထိနာပြီး ပြန်ဆုတ်သွားတယ်။၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအများပြားထိခိုက်ဒဏ်ရာတယ်။ ၃ ယောက်ကျတယ်လို့ အတွင်းသတင်းပေးကနေသိရတယ်။ တိုက်ပွဲဖြစ်နေတုန်းပါ၊ ရဲဘော်တွေဘက်ကတော့ အကျဆုံးမရှိပါဘူး။”
ဆီဆုံကုန်း ကျေးရွာဟာ အိမ်ခြေ ၆၀၀ လောက်ရှိပြီး လူဦးရေ ၃၀၀၀ ကျော်နေထိုင်ကြကာ စစ်ကောင်စီတပ်ဖွဲ့တွေ စစ်ကြောင်းထိုးတဲ့နေကတည်းက ရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေရ ပါတယ်။
ဒေသခံ စစ်ရှောင်အမျိုးသားတယောက်က “ တောထဲပြေးတဲ့သူနဲ့၊ မြို့ပေါ်ပြေးတဲ့သူနဲ့၊ နီးစပ်ရာတွေ အကုန်ရှောင်နေရတယ်၊ တိုက်ပွဲက ဖြစ်နေတော့ မပြန်ရသေးဘူး၊ ရွာထဲမှာကျန်ခဲ့တဲ့သူတွေလည်း ရှိသေးတယ်။ ဘာမှ ပါမလာပဲ ပြေးလာရတော့ ဒုက္ခရောက်နေတယ်”လို့ ပြောပါတယ်။
အခုရက်ပိုင်းအတွင်း သာယာဝတီခရိုင်အတွင်းက မြို့နယ်အများစု တော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးထားတဲ့ ပဲခူးရိုးမကို စစ်ကောင်စီတပ်က နယ်မြေရှင်းလင်းဖို့ အင်အားအများနဲ့ စစ်ကြောင်းထိုးနေပါတယ်။
ဒီဇင်ဘာ ၃ ရက်ကလည်း နတ်တလင်းမြို့နယ်အပိုင် တောင်ကျစမ်း အထက် ပြောင်တောင်ခြေရင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မိုင်းဆွဲတိုက်ခိုက်ပစ်ခတ်ခံရပြီး ၃ ယောက် ထက် မနည်းဒဏ်ရာပြင်းထန်ရရှိ ခဲ့ပါတယ်။