ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ် ကျောက်ဂူဒေသအနီးတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က အယောက် ၅၀ ကျော်သေဆုံးပြီး လက်နက်တွေလည်း သိမ်းဆည်းရမိတယ်လို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) က ဒီဇင်ဘာ ၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။
နိုဝင်ဘာ ၃၀ ရက်ကစပြီး ဒီနေ့အထိ စစ်ကောင်စီတပ်နဲ့ DPLA တို့ကြား ထိတွေ့တိုက်ပွဲတွေ ပြင်းထန်ကာ စစ်ကောင်စီဘက်က သေဆုံးသူ အယောက် ၅၀ ကျော်အပြင် ဒဏ်ရာရသူတွေလည်း များပြားကာ လက်နက် ၂၆ လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။
DPLA ရဲ့ ပြန်ကြားရေး တာဝန်ရှိသူက “ကျနော်တို့နေရာတွေကို စစ်ကြောင်းထိုးလာလို့ တိုက်ပွဲစဖြစ်တာပေါ့လေ။ စစ်ကောင်စီအလောင်းတွေ အများကြီးတွေ့ရတယ်။ လက်နက်တွေကောပေါ့။ သုံ့ပန်းတွေ ဖမ်းမိရတာတော့မရှိဘူးဗျ။ ဒီဇင်ဘာ ၉ ရက်နေ့က ဖြစ်တဲ့တိုက်ပွဲမှာ လက်နက်တွေသိမ်းဆည်းရမိတာပါ။”
၁၀ ရက်ကြာ ထိတွေ့တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က အထိနာနေတဲ့အတွက် ဒီဇင်ဘာ ၇ ရက်နေ့မှာတော့ လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်တာအပြင် ဓာတုအဆိပ်ငွေ့ဗုံးတွေနဲ့ပါ ကြဲချတိုက်ခိုက်တယ်လို့ ဆိုပါတယ်။
ထိတွေ့တိုက်ပွဲ ပြင်းထန်နေတာကြောင့် ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်နဲ့ ဝေးရာ၊ တိုက်ပွဲနဲ့ ဝေးရာနေရာတွေမှာသာ နေထိုင်ကြဖို့ကိုလည်း အသိပေးထားပါတယ်။
DPLA နဲ့ စစ်ကောင်စီတပ်တို့က ကျောက်ဂူအမြှောက်တပ် (အမတ ၃၄၉)၊ နောင်ဝိုးတပ် (ခလရ ၂၉၂) နဲ့ နောင်ချိုမြို့နယ် တောင်ခမ်းကို ရပ်စောက်ကနေ စစ်ကူပေးနေတဲ့ စစ်ကောင်စီတပ်နဲ့လည်း ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။