ရုရှားရဲ့ တိုက်ခိုက်မှုကို ခုခံကာကွယ်ဖို့ အခု ဆယ်စုနှစ်အကုန်ပိုင်းမှာ အပိုဆောင်း စစ်အသုံးစရိတ် အနေနဲ့ ရာနဲ့ချီတဲ့ ယူရိုဘီလီယံပေါင်းများစွာကိုရဖို့ ဥရောပသမဂ္ဂက လာမယ့်နှစ်အတွင်း နည်းလမ်းရှာဖို့ လိုတယ်လို့ ဥရောပသမဂ္ဂ (EU) ရဲ့ ကာကွယ်ရေးကော်မရှင်နာအသစ်က ပြောလိုက်ပါတယ်။
ဥရောပဟာ ကြီးမားတဲ့ အပိုရန်ပုံငွေနဲ့ လက်နက်ဝယ်ဖို့လိုတယ်လို့ ဥရောပကော်မရှင်ရဲ့ ပထမဆုံး ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာတဲ့ လစ်သူယေးနီးယား ဝန်ကြီးချုပ်ဟောင်း အန်းဒရီးယပ်စ် ကိုဘီးလီးယပ်စ်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ယူကရိန်းပြီးရင် ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ နောက်လာမယ့် ပစ်မှတ်ဖြစ်လာမှာကို စိုးရိမ်လို့ အီးယူရဲ့ကာကွယ်ရေးကို အားကောင်းအောင် မြှင့်တင်ဖို့ အရေးပေါ်လိုအပ်ချက်ကို ဥရောပခေါင်းဆောင်တွေကြား ရှုမြင်ပုံကို ကိုဘီးလီးယပ်စ်ရဲ့ မှတ်ချက်တွေက ထင်ဟပ်စေပါတယ်။
အမေရိကန်သမ္မတရာထူးကို ဒေါ်နယ်ထရမ့်ပ်ပြန်ရလာချိန်နဲ့ တရုတ်အပေါ် အမေရိကန်ရဲ့ အာရုံစိုက်မှု တိုးလာခြင်းတို့ဟာ လာမယ့်နှစ်တွေအတွင်း အမေရိကန်အစိုးရက ယူကရိန်းကို ကာကွယ်ဖို့ ဆန္ဒနည်းလာမှာလား ကူညီပေးဦးမှာလားဆိုတာ ဥရောပမှာ စိုးရိမ်မှုတွေ မြင့်တက်လာခဲ့ပါတယ်။
ဥရောပဟာ ကာကွယ်ရေးအတွက် ပိုသုံးစွဲသင့်တယ်ဆိုတာ ကျယ်ကျယ်ပြန့်ပြန့် သဘောတူထား ပေမဲ့ အီးယူနိုင်ငံတွေဟာ ငွေကြေးကို ဘယ်နေရာမှာ ရှာမလဲဆိုတာကို သဘောတူထားတာ မရှိသေးပါဘူး။
ရုရှားဟာ ဆယ်စုနှစ်အကုန်မှာ မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ နေတိုးရဲ့ အဖွဲ့ဝင် တနိုင်ငံကို တိုက်ခိုက်ဖို့ အသင့်ဖြစ်နေပြီလို့ ထောက်လှမ်းရေး ခန့်မှန်းချက်တွေကို ကိုးကားပြီး ဂျာမနီရဲ့ သူလျှိုအကြီးအကဲက ပြောပါတယ်။
လာမယ့်နှစ်မှာ အဖြေတခု ရှာတွေ့ဖို့ လိုတယ်လို့ ကိုဘီးလီးယပ်စ်က ပြောပါတယ်။
“၂၀၃၀ ပြည့်နှစ် မတိုင်မီ ဒါမှမဟုတ် ၂၀၃၀ ဝန်းကျင်မှာ အားလုံးကို လုပ်ဆောင်ထားဖို့ လိုအပ်တယ်။ ကျနော်တို့ အဆင်သင့်မဖြစ်မချင်း သမ္မတပူတင်ကို သူ့ရဲ့အစီအစဉ်တွေကို ရွှေ့ဆိုင်းဖို့ တောင်းဆိုလို့ ရနိုင်မယ်လို့ တွေးတောင်တွေးကြည့်လို့ မရဘူး။”
ပူတင်ကတော့ တခြားဥရောပနိုင်ငံတွေကို တိုက်ခိုက်ဖို့ ရည်ရွယ်ချက်မရှိဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ ရုရှား အစိုးရက ၂၀၂၂ ခုနှစ်မှာ မကျူးကျော်မီ ယူကရိန်းနဲ့ ပတ်သက်ပြီး အလားတူအာမခံချက်ပေးဖူးတာကြောင့် ရုရှားရဲ့ ပြောဆိုချက်ကို ဥရောပခေါင်းဆောင်တွေက မယုံကြပါဘူး။
တင့်ကားတွေ၊ အမြောက်တွေကနေ လေယာဉ်ပျံနဲ့ လောင်စာဆီဖြည့်စွမ်းရည်အထိ ဥရောပမှာ အရာအားလုံး ပိုမိုလိုအပ်တယ်လို့ ကိုဘီးလီးယပ်စ်က ပြောခဲ့ပါတယ်။
Source : Reuters